အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုထာဝရခိုင်မြဲရေး

အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုထာဝရခိုင်မြဲရေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့သည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် မှစတင်၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့သည်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် (၇၅)နှစ်မြောက် စိန်ရတုသို့ရောက်ရှိခဲ့ပြီဖြစ်သည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်ထံသို့ သဝဏ်လွှာပေးပို့ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်ထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ သဝဏ်လွှာ ပေးပို့ခြင်းများ အပြန်အလှန်ဆောင်ရွက်ကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲလျက်ရှိကြောင်း ပြသကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်ထံသို့ပေးပို့သည့်သဝဏ်လွှာတွင် ၂၀၂၃ ခုနှစ်သည် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှတ်တိုင်တစ်ရပ်ကို အမှတ်ရဖော်ကျူးရန်အခါသမယတစ်ခုအဖြစ်သာမက နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကိုပြန်လည်သုံးသပ်၍ အားသစ်လောင်းနိုင်မည့် အချိန်အခါတစ်ခုလည်းဖြစ်ပါသည်။ ယခုတစ်နှစ်တာကာလပတ်လုံး နှစ်နိုင်ငံတွင်ကျင်းပရန် လျာထားသည့် အထိမ်းအမှတ်အခမ်းအနားများနှင့် လှုပ်ရှားမှုများကလည်း  မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် လမ်းခင်းပေးမည်ဖြစ်ပါသည်။ ယခုကဲ့သို့အရေးပါသည့်အခါသမယတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့်   အာရှပစိဖိတ်ဒေသနှင့်ယင်းဒေသအပြင်ဘက် တည်ငြိမ်သာယာဝ ပြောရေးအတွက် အထောက်အကူဖြစ်စေမည့် ဘုံအကျိုးစီးပွားဖြစ်ထွန်းစေသည့်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်သွားရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရနှင့်  ပိုမိုနီးကပ်စွာလက်တွဲ လုပ်ဆောင်သွားမည့် မြန်မာနိုင်ငံအစိုးရ၏ ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုအပ်ပါသည်ဟူ၍ ဖော်ပြပါရှိသည်။

မြန်မာနှင့်ရုရှားနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့ချိန်မှစ၍  အပြန်အလှန်လေးစားမှု၊ နားလည်မှုတို့ဖြင့်  ထူးခြားသောကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ပိုင်ဆိုင်ထားသည်မှာ ယနေ့ကာလတိုင်ဖြစ်သည်။ နိုင်ငံတကာအခြေအနေတွင် မည်ကဲ့သို့သောအပြောင်းအလဲများရှိပါစေ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့်မိတ်ဖက်ဆောင်ရွက်မှုတို့မှာ အစဉ်အမြဲနွေးထွေး နီးကပ်စွာ ဆက်ဆံလျက်ရှိသည်။

မြန်မာနိုင်ငံသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံကို အရေးကြီးပြီး ယုံကြည်အားထားရသော မိတ်ဖက်နိုင်ငံအဖြစ် အစဉ်မှတ်ယူထားသကဲ့သို့ ရုရှားနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံအဖြစ် မှတ်ယူထားကြောင်းသိရှိရသည်။ ရုရှားနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံချင်းသာမက နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် မြန်မာနိုင်ငံ၏ခက်ခဲသော ကာလများတွင် အစဉ်တစိုက်ထောက်ခံပေးမှုများမှာ မြန်မာတို့အတွက် တန်ဖိုးထားကျေးဇူးတင်စရာဖြစ်သည်။

မြန်မာ-ရုရှားချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးမှာ တစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးတက်လျက်ရှိသည်။  ဆက်ဆံရေးမှာ လှေကားထစ်များကို တက်နေသည့်ပမာ အမြင့်သို့သာ  တက်လှမ်းနေခြင်းဖြစ်သည်။ နှစ်နိုင်ငံအနေဖြင့် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုများနှင့် ကုန်သွယ်ရေး၊ စီးပွားရေး၊ တပ်မတော်ပိုင်း၊ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှုနှင့် အခြားနယ်ပယ်များတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ သိသာထင်ရှားသောအောင်မြင်မှုများကိုလည်း မြင်တွေ့နေကြရပြီ ဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ မြန်မာကျောင်းသားများ ပညာသင်ယူခဲ့ကြပြီး နောက်ထပ်ပညာသင်များစွာလည်း ပညာသင်ယူလျက်ရှိသည်နှင့်အတူ နှစ်နိုင်ငံအကြား အထူးကောင်းမွန်သည့် ပြည်သူအချင်းချင်း ဆက်သွယ်မှုများလည်း ရှိသည်။ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နယ်ပယ်စုံတွင်အပြုသဘောဆောင်သော နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုများကို ဆက်လက်တည်ဆောက်နိုင်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အတူ အာရှပစိဖိတ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်။ နှစ်နိုင်ငံဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှု၊ လေးနက်သောယုံကြည်မှု၊ တစ်ဖက်နှင့်တစ်ဖက် အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားမှုများပေါ်တွင် အခြေခံလျက်ရှိသည်။

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့သည် ကာလရှည်ကြာချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်မှုများကို ထိန်းသိမ်းတန်ဖိုးထားလျက် ရှိကြသည်။ ဒေသတွင်းနှင့်အာဆီယံ၊ အေဆမ်နှင့်ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာများတွင် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများမှာလည်း အားရကျေနပ်ဖွယ် ကောင်းလှသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာ-ရုရှားနှစ်နိုင်ငံသံတမန်ထူထောင်မှု စိန်ရတုကာလမှသည်  ကမ္ဘာတည်သရွေ့  ပိုမိုတိုးတက်ခိုင်မြဲသောချစ်ကြည်ရင်းနှီးမှု တိုးပွားပါစေကြောင်း  ရေးသား လိုက်ရပေသည်။     ။