ANS#1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပ

ANS#1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၁၉

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့် ANS#1  ကကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင်  ရန်ကုန်မြို့   သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌   ကျင်းပသည်။

ယနေ့ပြိုင်ပွဲ၏ သုံးချီပြိုင်ပွဲတွင် ဒေါင်းဆန်းလေး(ဒေါင်းမြန်မာ)နှင့် မြင့်မြတ်ဦး(တော်ဝင်ဧရာ)၊  ဒေါင်းသဲလေး(ဒေါင်းမြန်မာ)နှင့် နာဂမင်း (Fighting Fight)၊ ဆလိုင်းထန်ခွီးရှိန်(ဇွဲမြန်မာ)နှင့် အောင်လေး (Eagle Club)၊ ဗိုလ်မထား(တော်ဝင်ဧရာ)နှင့် စိုးလင်းထွန်း(APT)၊ ရှိုင်းထက်(ဇာထက် မိတ္ထီလာ)နှင့် ညိုနိုင်ဝင်း(လုံးချော)၊ လေးချီပြိုင်ပွဲတွင်   ကဆောထူး(ရိုးရာကျား)နှင့် အောင်ထက်ဦး (ဒို့ရိုးရာ)၊ စောရှောလမုန် (ရိုးရာကျား)နှင့်      မဟူရာ(ဖီးနစ်)၊ စောငမောက်(ဒို့ရိုးရာ)နှင့် ရဲလင်းဦး(Smart Fight)တို့အသီးသီး ယှဉ်ပြိုင်ထိုးသတ် ခဲ့ကြသည်။

လေးချီပြိုင်ပွဲတစ်ခုဖြစ်သည့် ကဆောထူး(ရိုးရာကျား)နှင့် အောင်ထက်ဦး(ဒို့ရိုးရာ)တို့ပွဲတွင်  အောင်ထက်ဦး၏ ခြေကန်ချက်ကြောင့် ကဆောထူး ပထမအချီမှာပင် အနားတောင်းခဲ့ရသည်။ ဒုတိယအချီတွင် အောင်ထက်ဦးက ဆက်တိုက်လိုက်ထိုးပြီး လက်သီးတွဲလုံးများနှင့်  ခြေကန်ချက်များ ကွက်တိ သုံးနိုင်ခဲ့သည့်အတွက်    ကဆောထူး အထိနာကာ  ဆက်လက် မယှဉ်ပြိုင်နိုင်ဘဲ  အောင်ထက်ဦး အနိုင်ရရှိသည်။

လေးချီပြိုင်ပွဲ  စောငမောက်(ဒို့ရိုးရာ)နှင့် ရဲလင်းဦး(Smart Fight)ပြိုင်ပွဲတွင် ရဲလင်းဦး၏  ထောက်လက်သီး တွဲလုံးများကြောင့် ဒုတိယအချီ၌ စောငမောက်အမှတ်စဉ် ရေတွက်ခံရသည်။ တတိယအချီတွင် ရဲလင်းဦး၏ လက်သီးများကြောင့် စောငမောက်အနားတောင်းခဲ့ရသည်။ စတုတ္ထအချီတွင် တစ်ဦးနှင့်တစ်ဦး အမှားမခံ အတိမ်းအစောင်းမခံထိုးခဲ့ကြသော်လည်း ပွဲအပြီးတွင် အနိုင်အရှုံးမပေါ်ခဲ့သည့်အတွက် ပူးတွဲသရေဖြင့်သာအဆုံးသတ်ခဲ့သည်။ ထို့အတူ စောရှော လမုန်(ရိုးရာကျား)နှင့် မဟူရာ(ဖီးနစ်)တို့ပွဲတွင် အလုံးအရွယ်တူ ဒေါက်တူနှစ်ဦး ယှဉ်ပြိုင်ခဲ့ကြရာ  သက်လုံကောင်းသူများပီပီနောက်ဆုံးအချီအထိ   အကောင်းဆုံး ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသော်လည်း  နောက်ဆုံးပွဲအပြီးတွင် ပူးတွဲသရေသာဖြစ်ခဲ့သည်။

အလားတူ သုံးချီပြိုင်ပွဲ ဗိုလ်မထား(တော်ဝင်ဧရာ)နှင့် စိုးလင်းထွန်း(APT)တို့ပွဲတွင် ဗိုလ်မထား၏  လက်သီးထိုးချက်ကြောင့် စိုးလင်းထွန်း ဒုတိယအချီ၌ အနားတောင်းခဲ့ရပြီး အရှုံးပေးခဲ့ရသည်။

ကျန်သုံးချီပြိုင်ပွဲများဖြစ်သည့် ဒေါင်းဆန်းလေး(ဒေါင်းမြန်မာ)နှင့် မြင့်မြတ်ဦး (တော်ဝင်ဧရာ)၊ ဒေါင်းသဲလေး(ဒေါင်းမြန်မာ)နှင့် နာဂမင်း(Fighting Fight)၊ ဆလိုင်းထန်ခွီးရှိန်(ဇွဲမြန်မာ)နှင့်  အောင်လေး (Eagle Club)၊   ရှင်းထက်(ဇာထက်မိတ္ထီလာ)နှင့် ညိုနိုင်ဝင်း(လုံးချော)တို့ပြိုင်ပွဲတွင် အရှုံးအနိုင်မပေါ်ဘဲ  ပူးတွဲသရေကျခဲ့သည်။

ပြိုင်ပွဲအပြီးအကောင်းဆုံး လက်ဝှေ့သမား ဟန်ရေးပြဆုကို ဒေါင်းသဲလေး(ဒေါင်းမြန်မာ)က လည်းကောင်း၊  လက်ဝှေ့တွဲဆိုင်း အကောင်းဆုံးဆုကို စောငမောက်(ဒို့ရိုးရာ)နှင့် ရဲလင်းဦး (Smart Fight)တို့က လည်းကောင်း ဆုများရရှိခဲ့ကြကြောင်း သိရသည်။