National Fish အဖြစ်သတ်မှတ်ရာတွင် ငါးမြင်းငါးကို မျိုးဆက် နှစ်ဆက်မြောက် အထိ သားဖောက်ထုတ်လုပ်မှု အောင်မြင်ရန် ၁၀ နှစ်တာ အချိန်ယူရမည်

National Fish အဖြစ်သတ်မှတ်ရာတွင် ငါးမြင်းငါးကို မျိုးဆက် နှစ်ဆက်မြောက် အထိ သားဖောက်ထုတ်လုပ်မှု အောင်မြင်ရန် ၁၀ နှစ်တာ အချိန်ယူရမည်

ရန်ကုန်  ဖေဖော်ဝါရီ  ၁၉

မြန်မာ့မျိုးရင်းငါးအဖြစ် မြန်မာ့ရေမြေတွင် တည်ရှိနေသည့် ငါးမြင်းငါးကို  National Fish အဖြစ် သတ်မှတ်နိုင်ရန်  ကြိုးပမ်းဖော်ဆောင်ရာ၌ Generation-2 မျိုးဆက် နှစ်ဆက်မြောက်အထိ    သားဖောက် ထုတ်လုပ်မှု အောင်မြင်ရန်   လိုအပ်ပြီး ၁၀ နှစ်တာသုတေသန ဆန်းစစ်မှုများပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

မြန်မာ့တိုင်းရင်းငါးဖြစ်သော ငါးမြင်းငါးကို   မြန်မာ့ရေမြေတွင် တွေ့မြင်နိုင်ပြီး အာဆီယံနိုင်ငံတို့တွင်   မျိုးစိတ်မရှိသည့် အတွက်    စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော  နိုင်ငံတစ်နိုင်ငံအနေဖြင့် ရေထွက်ကုန်မှ နိုင်ငံခြားဝင်ငွေ ရှာဖွေရာတွင် အခွင့်ကောင်းတစ်ခု အနေဖြင့် ရရှိလာလျက်ရှိရာ စီးပွားဖြစ်မွေးမြူ ထုတ်လုပ်ရာ၌ သားဖောက်နိုင်မှုနှင့် မျိုးရင်းကို ထိန်းသိမ်းနိုင်မှုသည်  အထူးအရေးပါသောကြောင့် သားဖောက်လုပ်ငန်းနှင့် သုတေသနလုပ်ငန်း အောင်မြင်ရန်အတွက် ဆယ်စုနှစ်ကြာ လုပ်ဆောင်သွားရန် လိုအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပဝယ်လိုအားကောင်း၍ ဈေးနှုန်းအမြင့်တွင် ရပ်တည်နေခြင်း၊  မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင် မျိုးရင်းအဖြစ် တည်ရှိနေခြင်း၊ အခြားသော နိုင်ငံတို့ထက် ဈေးကွက်ကိုဦးဆောင်၍ စီးပွားဖြစ် ထုတ်လုပ်နိုင်ခြင်း၊ National Fish  အဖြစ် သတ်မှတ်နိုင်ခဲ့ပါက  နိုင်ငံတော်အတွက်  ရေထွက်ကုန်မှ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်ခြင်း၊ စီးပွားဖြစ် ထုတ်လုပ်တင်ပို့မှုမှ  မွေးမြူရေး တောင်သူနှင့် လုပ်ငန်းရှင်တို့အတွက် ခိုင်မာသော ဈေးကွက်တစ်ခုကို ပိုင်ဆိုင်နိုင်ခြင်းတို့ဖြင့်  မြန်မာ့ငါးမြင်းငါးကို သုတေသနပြု သားဖောက်အောင်မြင်မှု၏  အကျိုးဆက်အဖြစ်    အခွင့်အလမ်းကောင်းများ စောင့်ကြိုလျက်ရှိသည်။

မြစ်ကြီးလေးသွယ်ကို  ပိုင်ဆိုင်ထားပြီး ရေခံမြေခံကောင်းသော မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် စက်မှုဖွံ့ဖြိုးတိုးတက်သော နိုင်ငံသို့ လျှောက်လှမ်းနိုင်သော  အခွင့်အလမ်းများစွာ ရရှိခဲ့ပြီး ရေချို/ရေငန်ထွက်ကုန် ကြွယ်ဝသောနိုင်ငံ ဖြစ်သည်နှင့်အညီ တစ်ချိန်က ငါးသလောက်ငါးနှင့် ငါးခုံးမငါးများ  လှိုင်လှိုင်ပေါများခဲ့ကာ ယနေ့တွင် ရှားပါးခဲ့၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ငါးသလောက်ငါးကို National Fish အဖြစ်သတ်မှတ်နိုင်ခဲ့သောကြောင့် ပြည်ပပို့ကုန်အဖြစ် ဈေးကွက်ကို ဦးဆောင်ထားလျက်ရှိသည်။  သက်ဆိုင်ရာနိုင်ငံတို့တွင်   နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးရေးအတွက် မြေပေါ်နှင့်ရေအောက် သယံဇာတတို့ကို အမွေအနှစ်စာရင်းဝင်နှင့် အမျိုးသားရေး အမှတ်လက္ခဏာအဖြစ် သတ်မှတ်၍ စီးပွားရေး အခွင့်အလမ်းများကို ဖော်ဆောင်လျက် ရှိရာ  တောင်အာဖရိကနှင့် အိန္ဒိယနိုင်ငံတို့တွင် ရေသတ္တဝါနှင့် ရေထွက်ကုန်တို့ကို  National Fish    အဖြစ်သတ်မှတ်၍ နိုင်ငံ့ဂုဏ်ကို   မြှင့်တင်စွမ်းဆောင်လျက်ရှိသည်။

မြန်မာ့ငါးမြင်းငါးကို National Fish  အဖြစ်ဖော်ဆောင်နိုင်ရန် အချိန်ကာလ တစ်ခုတည်ရှိနေပြီး သားဖောက်လုပ်ငန်း အဆင့်ဆင့်နှင့်   သုတေသနလုပ်ငန်း ၁၀ နှစ်တာအတွင်း ကြိုးပမ်းဆောင်ရွက်မှုဖြင့် စီးပွားဖြစ် မွေးမြူထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း သိရသည်။