မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့လမ်းပိုင်းတွင် ကုန်တင် မော်တော်ယာဉ်မောင်းများ တိုက်ရိုက် မောင်းနှင်ခွင့်ရရှိ

မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့လမ်းပိုင်းတွင် ကုန်တင် မော်တော်ယာဉ်မောင်းများ တိုက်ရိုက် မောင်းနှင်ခွင့်ရရှိ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ  မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့လမ်းပိုင်းတွင်    မောင်းနှင်လျက်ရှိသော ကုန်တင် မော်တော်ယာဉ်မောင်းများ အနေဖြင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်မောင်းနှင်ခွင့်  ရရှိပြီဖြစ်ကြောင်း   မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထိုသို့မောင်းနှင်ခွင့်ရရှိရာတွင် တရုတ် နှင့်မြန်မာနိုင်ငံတို့ကြား ကုန်သွယ်မှုအတွက် အကောက်ခွန်ရှင်းလင်းရေး   အဆင်ပြေ ချောမွေ့စေရန်   ဖေဖော်ဝါရီ  ၁၈  ရက်မှ စ၍ မြန်မာယာဉ်မောင်းနှင့် ခရီးသည်များအား သက်ဆိုင်ရာ တရုတ်အကောက်ခွန်နှင့်  နယ်စပ်စစ်ဆေးရေး လုပ်ထုံးလုပ်နည်းများ အတိုင်း  စစ်ဆေး၍ ဝင်ရောက်ခွင့်ပြုနေခြင်းဖြစ်သည်။

“ကျင်စန်းကျော့လမ်းပိုင်းမှာ ကုန်တင် မော်တော်ယာဉ်မောင်းတွေ   တိုက်ရိုက် မောင်းဝင်လို့ရပါပြီ။ စာအုပ်အနီ(မြန်မာ- တရုတ် နယ်စပ်သွားလာခွင့် လက်မှတ်) ကိုင် ဆောင်သူသာဖြစ်ရပါမယ်။ စာအုပ်အနီမရှိ သေးတဲ့ ယာဉ်မောင်းတွေအနေနဲ့ နီးစပ်ရာ ဒေသခံယာဉ်မောင်းတွေနဲ့    ညှိနှိုင်းပြီး မောင်းနှင်နိုင်ပါတယ်။  တရုတ်နိုင်ငံဘက်မှာ ယာဉ်မောင်းအစားထိုးမှု(ရှန်တိန်)မရှိတော့ပါဘူး”ဟု ၎င်းကပြောသည်။

ယခင်က အစားထိုး ယာဉ်မောင်းများဖြင့်သာ   ဝင်ရောက်ခွင့်ရ၍  အခက်အခဲများ ရှိပြီး ယခုကဲ့သို့ ပြောင်းလဲလိုက်သည့် အတွက် ပိုမိုအဆင်ပြေနိုင်ကြောင်း၊ ထို့ပြင် Border   Trade  2.0  System အား  အဆင့်မြှင့်တင်ထားသဖြင့် ခါလီတန်ချိန်၊ ကုန်ချရမည့်ဆိပ်ကမ်း၊ သစ်သီးတင်ဆောင် လာသော ယာဉ်ပုံများနှင့် ရောဂါပိုးမွှား ဆေး စစ်ချက်မှတ်တမ်းများကို အချက်အလက် မှတ်တမ်းတင်ပြီးပါက တရုတ်နိုင်ငံဘက်သို့  နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်ရာတွင် အလွယ်တကူ ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန် ကျင်စန်းကျော့နှင့် ဝမ်တိန်ကုန်သွယ်ရေးဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲ၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီးသီးခြောက်၊ ရေထွက်ကုန်များ အပါအဝင်  လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တင်ပို့ကြောင်း သိရသည်။