ဖေဖော်ဝါရီလအတွင်း မအူပင်မြို့နယ်၌ ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀

ဖေဖော်ဝါရီလအတွင်း မအူပင်မြို့နယ်၌ ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀

အထိ ဈေးကောင်းရရှိ

    ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နယ်၌    ဖေဖော်ဝါရီလအတွင်း   ငါးရှဉ့် တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ အထိ ဈေးကောင်းရရှိလာကြောင်း မအူပင်မြို့ နယ်ရှိ မျိုးမြန်မာငါးရှဉ့်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဦးမျိုးဇော်၏ပြောပြချက် အရ သိရသည်။

မအူပင်မြို့နယ်၌ ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလက ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀ မှ  ၆၅၀၀  သာရရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှစ၍ ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ အထိ ဈေးကောင်းရရှိလာကြောင်း၊   ထိုကဲ့သို့   ငါးရှဉ့်ဈေး ကောင်းရရှိလာခြင်းမှာ ပြည်တွင်းမှ ငါးရှဉ့် များကို   ပြည်ပဈေးကွက်သို့   ပြန်လည်တင်ပို့သည့် လုပ်ငန်းများ  လုပ်ကိုင်လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“ဖေဖော်ဝါရီလအတွင်း    ငါးရှဉ့်ဈေး သိသိသာသာ ကောင်းလာပါတယ်။ ကိုဗစ်- ၁၉ ရောဂါအခြေအနေကြောင့် ပြည်ပကို တင်ပို့မှုရပ်နားထားတဲ့ ငါးရှဉ့်ကိုပြန်လည် တင်ပို့လုပ်ကိုင်လာတာနဲ့ငါးရှဉ့်အထွက်နှုန်း နည်းတာကြောင့်   ဈေးကောင်း ရရှိတာပါ။

လက်ရှိငါးရှဉ့်ဈေးက ငါးရှဉ့်မွေးမြူသူတွေနဲ့ သဘာဝအတိုင်း ရှာဖွေဖမ်းဆီးသူတွေ အတွက်   အဆင်ပြေပါတယ်။  မအူပင် မြို့နယ်မှာက မွေးမြူရေး ငါးရှဉ့်နဲ့ သဘာဝအတိုင်း ဖမ်းဆီးရရှိတဲ့ ငါးရှဉ့်တွေ ထွက်ပါတယ်။   အခုလိုဈေးကောင်း ရလာတော့ ကာလရှည် အခက်အခဲရှိနေတဲ့  မွေးမြူရေး လုပ်ငန်းရှင်တွေ၊ လုပ်သားတွေနဲ့ ငါးရှဉ့်ရှာဖွေ ဖမ်းဆီးသူတွေ အဆင်ပြေပါတယ်”ဟု ဦးမျိုးဇော်ကပြောသည်။

မအူပင်မြို့နယ်၌  ငါးရှဉ့်မွေးမြူရေး လုပ်ငန်းကို  တစ်နှစ်ပတ်လုံး မွေးမြူကြပြီး ဒေသခံများက   ချောင်းများ၊  မြောင်းများနှင့်  လယ်ကွင်းများ၌   သဘာဝအတိုင်း ရှာဖွေ ရရှိကြောင်း သိရသည်။