အိန္ဒိယက ရေခဲပြင် မာရသွန်ပြိုင်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ကျင်းပမည်

အိန္ဒိယက ရေခဲပြင် မာရသွန်ပြိုင်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ကျင်းပမည်

    အိန္ဒိယနိုင်ငံက ရေခဲပြင် မာရသွန်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ်  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို နိုင်ငံမြောက်ပိုင်း လာဒက်မြို့ရှိ ရေခဲနေသော ပန်ဂေါင်ရေကန်အတွင်း ကျင်းပသွားမည်ဖြစ်သည်။

ပန်ဂေါင်ရေကန်သည်   ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၄၃၅၀ ခန့်တွင် တည်ရှိပြီး ၁၃၄ ကီလိုမီတာ  ရှည်လျားသည်။

ထိုပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အထိအခိုက်မခံသော ရေခဲတောင်များ၏ အခြေအနေကို   သတိမူမိစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲ၏အမည်ကို “နောက်ဆုံးပြေးပွဲ”ဟု အမည်ပေးထားသည်။

အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုကို ဂရုပြုမိစေရန်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဟိမဝန္တာနှင့် ကာရာကိုရမ် ရေခဲတောင်များ လျင်မြန်စွာ အရည်ပျော်လာကြောင်း လာဒက်မြို့စွန့်စား အားကစားဖောင်ဒေးရှင်း တည်ထောင်သူ ချမ်ဘာဆီတန်ကပြောသည်။

အဆိုပါပြိုင်ပွဲသို့ အိန္ဒိယနိုင်ငံအပြင် ပြင်သစ်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့မှ အပြေးသမား ၇၅ ဦး ပါဝင်သွားမည်ဖြစ်ပြီး ၎င်းတို့ကို ကမ္ဘာ့အမြင့်ဆုံး ရေခဲကန် မာရသွန်ပြိုင်ပွဲဝင်သူများအဖြစ်  ဂင်းနစ်ကမ္ဘာ့မှတ်တမ်း ဝင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက   ပြောသည်။

ထိုကဲ့သို့သော ရေခဲပြင်မာရသွန်ပြိုင်ပွဲများကို ယခင်ကလည်း အခြားသောဒေသများ၌ ကျင်းပဖူးကြောင်း၊၎င်းတို့တွင် ပင်လယ်ရေမျက်နှာနှင့် အညီဖြစ်သော မြောက်ဝင်ရိုးစွန်း မာရသွန်၊ ရေမျက်နှာပြင်အထက် မီတာ ၇၀၀ ရှိ အန္တာတိကရေခဲပြင် မာရသွန်နှင့် နော်ဝေနိုင်ငံရှိ ပင်လယ်ရေမျက်နှာပြင် အထက် ၈၁၉ မီတာရှိ ရေခဲပြင်မာရသွန်တို့ ပါဝင်ကြောင်း သိရသည်။