(၂၄)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကျင်းပ

(၂၄)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ  - ၂၀

    (၂၄)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူး‌ပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ကျင်းပခဲ့ရာ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့် ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Mr.Wichai Chaimongkhon တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ယခင်ကမူးယစ်ဆေးဝါး ပြဿနာဟုဆိုပါက ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အဓိကပြဿနာဖြစ်ခဲ့သော်လည်း ယနေ့တိုးတက်လာသည့် ခေတ်စနစ ်အခြေအနေများအရ ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာသည် လွန်စွာရှုပ်ထွေးလာပြီး နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာများထဲမှ အကြီးမားဆုံး ပြဿနာတစ်ခုဖြစ်နေပါကြောင်း၊ မိမိတို့၏ တားဆီးနှိမ်နှင်းရေး လုပ်ငန်းများအတွက် ပိုမိုခက်ခဲသွားစေသည့် အချက်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့မှုကလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့များမှလည်း နည်းလမ်း မျိုးစုံဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်လာသည်ကို ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ သိရှိရမှာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့် အလွဲသုံးမှုတို့သည် နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် ဆက်နွှယ်ကြီးထွားလာကာ ယင်းပြဿနာကြောင့် နိုင်ငံများ၏စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုတို့ကိုပါ ကြီးမားသော ဆိုးကျိုးဖြစ်စေပြီး စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်သတ်မှတ်ပြီး ဘက်ပေါင်းစုံမှ တားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ အဖြစ် မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့နှင့်လည်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများကို အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပရီကာဆာ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မူးယစ်ဆေးဝါး ချက်လုပ်ရာနေရာများသို့ မရောက်ရှိစေရေးအတွက် တားဆီး နှိမ်နင်းရေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ အပါအဝင် ထိုင်းနိုင်ငံနှင့်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပရီကာဆာဓာတုပစ္စည်းများ ထိန်းချုပ်ရေးနှင့်တားဆီးကာကွယ် ရေးကို ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ လက်တွဲ၍ မူးယစ်ကင်းစင် သော ဒေသတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ကြိုးပမ်းတည်ဆောက် သွားရမှာဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအရာရှိများအတွက် စွမ်းရည်မြှင့်သင်တန်းများ၊ နည်းပညာနှင့်ပစ္စည်း ကိရိယာများအား ထောက်ပံ့ကူညီမှုများအပြင် အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း များ၌ ကူညီပေးခဲ့မှုများအတွက်လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Mr. Wichai Chaimongkhon က မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ တားဆီး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့် သင်တန်းများ၊ ခေတ်မီနည်းပညာသုံး ပစ္စည်းများ ဆက်လက်ပံ့ပိုး သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် တားဆီးနှိမ်နင်းရေး လုပ်ငန်း ဆောင်ရွက် နေသော အောက်ခြေအဆင့်တပ်ဖွဲ့ဝင်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရန်၊ အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ်နိုင်ရန် မကြာခဏတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်များက အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၁၈ ဦးနှင့် ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Mr.Wichai Chaimongkhon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၁၇ ဦးတို့ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံကိုယ်စားလှယ်များမှ မူးယစ်ဆေးဝါး ပြဿနာအား ရင်ဆိုင်ဖြေရှင်းရာ၌ကြုံတွေ့နေရသည့် စိန်ခေါ်မှု အခက်အခဲများ၊ မူးယစ် ဆေးဝါးဖမ်းဆီး ရမိမှုဖြစ်စဉ်များ၊ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ အချိန်နှင့်တစ်ပြေးညီ သတင်း ဖလှယ်ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် (၂၅)ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံမှ အလှည့်ကျအိမ်ရှင် အဖြစ် ကျင်းပနိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။