နည်းပညာပိုင်းဖြင့် Bank Account အတွင်းမှ ဆက်သွယ်ရေး ကွန်ရက်အသုံးပြု၍ ငွေကြေးလိမ်လည်ခံရမှု မဖြစ်စေရေး ပြည်သူသို့ အသိပေး သတင်းထုတ်ပြန်ခြင်း

နည်းပညာပိုင်းဖြင့် Bank Account အတွင်းမှ ဆက်သွယ်ရေး ကွန်ရက်အသုံးပြု၍ ငွေကြေးလိမ်လည်ခံရမှု မဖြစ်စေရေး ပြည်သူသို့ အသိပေး သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

      ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ အမျိုးသမီး ၁ ဦးက ၎င်း၏ KBZ Bank Account အတွင်းမှ ငွေကျပ် ၁၀၂၀ သိန်းအား လည်းကောင်း၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကမာရွတ်မြို့နယ်နေ အမျိုးသမီး ၁ ဦးက  ၎င်း၏ KBZ Bank Account အတွင်းမှ ငွေကျပ် ၃၇၀ သိန်းအားလည်းကောင်း မသမာသူများက  Online အသုံးပြု၍ လိမ်လည် ထုတ်ယူသွားကြောင်း အမှုများဖွင့်လှစ်တိုင်ကြားလာသဖြင့် သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တို့ရှိ သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် အမှုများဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

     ထိုသို့ Bank Account များအတွင်းမှ Online အသုံးပြုကာ ငွေကြေးလိမ်လည်လွှဲပြောင်း ထုတ်ယူသူများအား ဖမ်းဆီးရမိနိုင်ရေး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ သက်ဆိုင်ရာဘဏ်နှင့် ပူးပေါင်း၍ လိမ်လည်ရယူထားသော ငွေကြေးများစီးဆင်းသွားသည့် Bank Account များအား စုံစမ်းခြင်းနှင့် နည်းပညာဆိုင်ရာ အချက်အလက်များအား အခြေပြု၍ ဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ငွေကြေးလိမ်လည် လွှဲပြောင်းရယူရာ၌ အသုံးပြုသည့် Bank Account များအား ဖွင့်လှစ် ရောင်းချခဲ့သည့် တရားခံအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၆ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

      ဖမ်းဆီးရမိသူ တရားခံ ၆ ဦးက ၎င်းတို့အနေဖြင့် Bank Account ဖွင့်လှစ်၍ Account တစ်ခုလျှင် ငွေတစ်သောင်းကျပ်ဖြင့် ငွေကြေးလိမ်လည်လွှဲပြောင်းသူများထံ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ  ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်တွင် နည်းပညာပိုင်းဖြင့် Bank Account အတွင်းမှ ဆက်သွယ်ရေး ကွန်ရက်အသုံးပြု၍ ငွေကြေးလိမ်လည် လွှဲပြောင်း ထုတ်ယူသူများဖြစ်ကြသည့် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် ၎င်း၏ဇနီးဖြစ်သူ နိုင်ဂျီးရီးယား နိုင်ငံသူတို့ ၂ ဦးအား ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ Star City အိမ်ရာအမှတ်(၁၈၀၂)၊ တိုက်(C-4)တွင် ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများ၊ လိမ်လည်လွှဲပြောင်း ထုတ်ယူရာမှရရှိခဲ့သည် ငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

       ဖမ်းဆီးရမိသူ နိုင်ဂျီးရီးယား နိုင်ငံသားများ၏ ထွက်ဆိုချက်များအရ Bank Account များ အတွင်းမှ ငွေကြေး လိမ်လည်လွှဲပြောင်း ထုတ်ယူရာတွင် ပူးပေါင်းပါဝင် ကျူးလွန်သူများဖြစ်ကြသည့် နိုင်ဂျီးရီးယားနိုင်ငံသား ၃ ဦးတို့အား သန်လျင်မြို့နယ်၊ Star City အိမ်ရာ၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် တရားခံများအား ထပ်မံဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လိုအပ်သော စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

      ပြစ်မှုကျူးလွန်သူများကို စစ်ဆေး ဖော်ထုတ်ချက်များအရ KBZ Pay Account အား လိမ်လည် မည့်သူသည် Online ပေါ်မှတစ်ဆင့် Facebook Account ၊ Facebook Page များတွင် KBZ Pay Level အဆင့်မြှင့်ပေးမည့်အကြောင်းအရာ Post များတင်၍ လိမ်လည်ခံရမည့်သူကို ရှာဖွေခြင်း၊ ဖုန်းနံပါတ် များအား KBZ Pay Application တွင် စစ်ဆေးကြည့်ပါက KBZ Pay Account ဖွင့်ထားခြင်းရှိမရှိ သိနိုင်ပြီး Account ဖွင့်ထားသည့် ဖုန်းနံပါတ်များအား KBZ Bank ၏ KBZ Pay Level မြှင့်ပေးသည့် ဌာနမှ ဝန်ထမ်းပုံစံ အယောင်ဆောင်ဆက်သွယ်ခြင်း၊ KBZ Bank Email Account အတုများဖြင့် KBZ Pay Level မြှင့်ပေးသည့်ဌာနမှ ဝန်ထမ်းပုံစံအယောင်ဆောင် ဆက်သွယ်ခြင်းစသည့် နည်းလမ်းများဖြင့် လိမ်လည်ခံရမည့်သူများကို ရှာဖွေကြပါသည်။

       လိမ်လည်မည့်သူသည် လိမ်လည်ခံရမည့်သူနှင့် အဆက်အသွယ်ရရှိသည့်အခါ KBZ Pay ကို Level အဆင့်မြှင့်ပေးမည်ဖြစ်ကြောင်း ပြောကြားဆက်သွယ်ပါသည်။ ထို့နောက် လိမ်လည်မည့်သူသည် လိမ်လည်ခံရမည့်သူ၏ ဖုန်းနံပါတ်အား KBZ Pay Application တွင် Login ဝင်ပြီး လိမ်လည်ခံရမည့် သူအား ဆက်သွယ်၍ Message ထဲသို့ OTP ရောက်လာပါက အဆိုပါ OTP အား ပြန်ပြောပေးရန် ပြောဆိုဆက်သွယ်ကာ လိမ်လည်ခံရမည့်သူထံမှ OTP ရရှိသည်နှင့် KBZ Pay Application တွင် ဖြည့်သွင်းလိုက်ခြင်းအားဖြင့် လိမ်လည်ခံရမည့်သူ၏ KBZ Pay Account အား လိမ်လည်မည့်သူမှ အလုံးစုံထိန်းချုပ်ခွင့် ရရှိသွားပါသည်။

      ဆက်လက်၍ လိမ်လည်မည့်သူမှ လိမ်လည်ခံရမည့်သူအား KBZ Pay နှင့် Bank Account ချိတ်ဆက်ပေးမည်ဟု ပြောဆိုကာ Bank Account ဖွင့်လှစ်ခဲ့သည့် မှတ်ပုံတင်နံပါတ်နှင့် Bank Account နံပါတ်တောင်းခံ၍ KBZ Pay Account ဖြင့် ချိတ်ဆက်ဆောင်ရွက်ပါသည်။ လိမ်လည် မည့်သူသည် KBZ Pay Account Level မြှင့်နေစဉ် လိမ်လည်ခံရမည့်သူအား KBZ Pay သုံးစွဲမှု ရပ်ဆိုင်းထားရန်၊ နှစ်ဦးစလုံးအသုံးပြုပါက KBZ Pay Account ပိတ်သိမ်းခံရနိုင်ကြောင်းပြောဆို၍ လိမ်လည်ခံရမည့်သူ၏ KBZ Pay Account အတွင်းရှိ ငွေသားများအား လိမ်လည်မည့်သူ၏ ဝယ်ယူထားရှိသည့် သီးခြား KBZ Pay Account များသို့ လွှဲပြောင်းရယူခြင်းဖြစ်ပါသည်။ လိမ်လည်ခံရသူအနေဖြင့် KBZ Pay Account အား ပြန်လည် အသုံးပြုခွင့်ရရှိချိန်မှသာ မိမိအကောင့်အတွင်းမှ ငွေသားများ ဆုံးရှုံးနစ်နာကြောင်း သိရှိကြရ ပါသည်။

     လိမ်လည်မှုကျူးလွန်ပုံ နည်းစနစ်များအရ အချို့သော လူပုဂ္ဂိုလ်များအနေဖြင့် မိမိ၏ Email Account ၊ ဖုန်းနံပါတ်၊ ကိုယ်ရေးအချက်အလက်များနှင့် လုပ်ငန်းလိပ်စာများကို ဆက်သွယ်မှုလွယ်ကူ စေရန်အတွက် လူမှုကွန်ရက် Social Media များနှင့် Facebook တို့တွင် ဖော်ပြထားခြင်း၊ လိပ်စာကတ် များတွင် ဖော်ပြထားခြင်းတို့ကြောင့် ပြစ်မှုကျူးလွန်သူများအနေဖြင့် Email Account များကို စောင့်ကြည့်ရယူပြီး ငွေများလိမ်လည်လွှဲပြောင်း ထုတ်ယူနိုင်သည့် အခွင့်အလမ်းများရရှိခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အများပြည်သူများအနေဖြင့် မိမိတို့၏ Email၊ ဖုန်းနံပါတ်နှင့် ကိုယ်ရေးအချက် အလက်များအား လုံခြုံမှုရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် မသမာသူများ၏ အသုံးချခံမဖြစ် စေရေး ကိုယ်ရေးကိုယ်တာလိုအပ်ချက်မှတစ်ပါး Bank Account ဖွင့်လှစ်ရောင်းချခြင်းများ မပြုလုပ် ကြရန် လိုအပ်ပါသည်။

    ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူတရားခံများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် ပူးပေါင်းပါဝင်ကျူးလွန်သူ တရားခံများကို နိုင်ငံတကာရဲ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ တရားဥပဒေအရ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ဖော်ပြပါ ဖြစ်စဉ်ကဲ့သို့ လိမ်လည် ခံရမှုဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် အထူးသတိပြု ဆောင်ရွက်နိုင်ရေး အသိပေးသတင်းထုတ်ပြန် အပ်ပါသည်။