တိုင်းရင်းသားစည်းလုံးညီညွတ်မှုကျစ်လျစ်ခိုင်မာရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်)

တိုင်းရင်းသားစည်းလုံးညီညွတ်မှုကျစ်လျစ်ခိုင်မာရေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၃ ခုနှစ်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ကျင်းပခဲ့သည်။ ညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း တေးသံသာများဖြင့်ဖျော်ဖြေခြင်း၊ မီးရှူး မီးပန်းများ ပစ်ဖောက်ဂုဏ်ပြုခြင်း၊ Drone များဖြင့် ပုံဖော်သရုပ်ပြခြင်းများကိုတွေ့ရပြီး ဂုဏ်ပြုညစာစားပွဲအပြီးတွင် မြို့တော်ခန်းမ လဟာပြင် ဇာတ်ရုံ၌ ကဇာတ်များ၊ ယိမ်းအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။ ပြည်ထောင်စုနေ့တွင် မြန်မာတိုင်းရင်းသား အပေါင်း၏ စည်းလုံးညီညွတ်မှုကို ပြသခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် သာယာဝပြောသော နိုင်ငံဖြစ်ရမည်။ စားရေရိက္ခာ ဖူလုံသောနိုင်ငံဖြစ်ရမည်။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရမည်။ ဤသည်မှာ နိုင်ငံတော်အစိုးရ၏အ မျိုးသားရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်တို့ဖြစ်သည်။  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် မှာ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ကြပြီး တူညီသော စိတ်ဆန္ဒများရှိရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ ၇၅ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်ရေးမှာ ရှိသင့်သလောက်မရှိသည့် အနေအထားဖြစ်ခဲ့သည်။ တိုင်းရင်းသားပြည်သူများ၏ ခွန်အားများ၊ စွမ်းအားများသည် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဆုံးရှုံးလျက်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် လက်နက်စွဲကိုင်ကာ အဖြေရှာနေမည့်အစား သမိုင်းအစဉ်အဆက် ဖြစ်ပေါ်တည်ရှိလာသည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထိုလမ်းကြောင်းသို့လျှောက်လှမ်း ရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ ဖွင့်လှစ်ထားပြီးဖြစ်သည်။

တိုင်းရင်းသားလူမျိုးတို့သည် ဤမြေပေါ်တွင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကာ အေးအတူပူအမျှနေထိုင်နိုင်ကြမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပေလိမ့်မည်။ မိမိဒေသ၊  မိမိနိုင်ငံကို ချစ်ခင်မြတ်နိုးစိတ် ပြင်းထန်သော ဆန္ဒရှိနေကြမည်ဆိုပါလျှင် မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီးသာယာဝပြောကာ ဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်များ ပြန်လည်လေ့လာလျှင် နိုင်ငံအတွင်းဖြစ်ပေါ်နေသောလက်နက် ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာ ရခြင်းအကြောင်းရင်းမှာ သံသယစိတ်အခြေခံဖြစ်ခဲ့သည်။ သံသယအဘယ့် ကြောင့်ပေါ်ပေါက်လာခဲ့ရသနည်းဆိုလျှင် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုက မြစ်ဖျားခံလာခြင်းဖြစ်သည်။ ယနေ့ အချိန်ထိလည်း ပြည်ပစွက်ဖက်မှုများက ရှိနေဆဲဖြစ်သည်။ ဆိုလိုသည်မှာ ဘေးကပြောတာကို ယုံကြည်နေသမျှကာလပတ်လုံး သံသယတည်ရှိနေပေလိမ့်မည်။ ထို့ကြောင့် ဘေးပြောတာကိုမယုံဘဲ သွေးချင်းညီအစ်ကိုချင်းပြောတာကို ယုံကြစေချင်သည်။ ဖြတ်သန်းခဲ့ရသောအချိန်ကာလများအတွင်း မြန်မာ့ပြည်တွင်း ရေးမတည် မငြိမ်ဖြစ်အောင်၊ ပျက်စီးအောင်သွေးထိုးလှုံ့ဆော်နေသည်။ နိုင်ငံအချို့အနေဖြင့် မြန်မာတိုင်းရင်းသားတို့ ကြီးပွားတိုးတက်ရေးကို စဉ်းစားဆုံးဖြတ်ခြင်းမဟုတ်သည်ကို မြန်မာနိုင်ငံနှင့်ပတ်သက်သော လုပ်ဆောင်ချက်များက ထင်ရှားစွာပြသနေသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချို့အနေဖြင့်ပြည်ပသွေးထိုးမှုကို ယုံစားပြီးနေခြင်းမှာ မိမိဒေသပျက်စီးရေးကို ဦးတည်နေခြင်း ဖြစ်သည်။ ယနေ့အချိန်အခါတွင် ပြည်ပကသွေးထိုးနေမှုများကို စဉ်းစားချင့်ချိန်ရန် လိုအပ်ပြီဖြစ်သည်။ သံသယစိတ်များအစား သံယောဇဉ်စိတ်များ ကူးပြောင်းနိုင်ကြဖို့လိုပေသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြင့် အဖြေရှာကြမှသာ မှန်ကန်သော အဖြေထွက် လာပေမည်။

လူသားမှန်သမျှသည် မည်သူတစ်ဦးတစ်ယောက်မျှ ခြောက်ပြစ်ကင်း သဲလဲစင်ရှိနိုင်မည်မဟုတ်သည့် အတွက် သူမှားတာရှိခဲ့လျှင် မိမိကပြုပြင်ပေးကာ သည်းခံခွင့်လွှတ်ခြင်း၊ မိမိကမှားသည်များရှိခဲ့လျှင်လည်း သူကသည်းခံခွင့်လွှတ်ခြင်းတို့ဖြင့် ပြုမူဆောင်ရွက် ကြမည်ဆိုပါက မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးကြီး ခိုင်မာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာပါလိမ့်မည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်လျက်ရှိရာတွင် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ဟူသောဦးတည်ချက်ပါအတိုင်း ငြိမ်းချမ်းရေး ကိုအမှန်တကယ် တည်ဆောက်ပေးလိုသော စေတနာဆန္ဒအရင်းခံကို ဖော်ပြခြင်းဖြစ်ပါသည်။

အနှစ်ချုပ်ဆိုရသော် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်၊ ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်တို့ဖြင့် ကျစ်လျစ်ခိုင်မာသည့် စုပေါင်းအားဖြင့် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။