၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အားကစားနည်းအလိုက် ပြိုင်ပွဲများ ဆက်လက် ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အားကစားနည်းအလိုက် ပြိုင်ပွဲများ ဆက်လက် ကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ   ၂၀

    ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်ပြီး  သက်ဆိုင်ရာ အားကစားနည်းများ အလိုက် သတ်မှတ်ထားသော အားကစားကွင်းရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

ယနေ့ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ  ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြုလုပ် သည့်   ပြေးခုန်ပစ်အားကစားပြိုင်ပွဲနှင့် လူရွေးပွဲသို့   လာရောက်ကြည့်ရှု အားပေးသည်။

ပြေးခုန်ပစ် အားကစားပြိုင်ပွဲတွင် အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊  အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊  အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊  အမျိုးသား သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲနှင့် အမျိုးသမီးအမြင့်ခုန်   ပြိုင်ပွဲများကို ကျင်းပရာ အမျိုးသားမီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် စောအောင်အောင်ချင်း(ဘားအံ- EDC)က ပထမ၊ မောင်လင်းခိုင်(ရန်ကင်း- EDC)က ဒုတိယ၊ မောင်နေလှိုင်ဦး(ထားဝယ်- EDC)က တတိယရရှိကြပြီး အမျိုးသမီးမီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် မဝိုင်းချစ်(စစ်ကိုင်း- EDC)က ပထမ၊  မသန္တာလင်း(ထားဝယ်- EDC)က ဒုတိယ၊   မဆုန်းနမ်ပါရ်(မုံရွာ- EDC)က  တတိယရရှိကြသည်။

 အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မောင်မျိုးချစ်အောင်(ကျောက်ဖြူ- EDC)ကပထမ၊ မောင်ရာဇာဦး (မန္တလေး- EDC)ကဒုတိယ၊ မောင်ဟိန်းထက်အောင် (ပခုက္ကူ- EDC)က တတိယရရှိကြပြီး အမျိုးသမီးမီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မဖြိုးဖြိုးခိုင်(ထားဝယ်- EDC)က ပထမ၊ မပြည့်ရတနာဖြိုး (မြောင်းမြ)က ဒုတိယ၊ မလှဦး(တောင်ကြီး) က တတိယ ရရှိကြသည်။

အမျိုးသား   သံလုံးပစ်ပြိုင်ပွဲတွင် မောင်မင်းဇင်ဟိန်း(ပုသိမ်- EDC)က ပထမ၊  မောင်မင်းခန့်(မကွေး- EDC)က ဒုတိယ၊ မောင်ရှိုင်းဇော်(မိတ္ထီလာ- EDC)ကတတိယရရှိကြပြီး အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် မသီသီဟန်(မကွေး- EDC)က ပထမ၊ မဇူးဇူးအောင်(ဘိုကလေး- EDC)က ဒုတိယ၊  မနန်းမွေဖောင်(လားရှိုး- EDC)က တတိယ ရရှိကြသည်။

အမျိုးသမီးအမြင့်ခုန်ပြိုင်ပွဲတွင် မအိအိဖြိုး(လားရှိုး- EDC)က ပထမ၊ မဆုပြည့် ပြည့်ဦး(ထားဝယ်- EDC)က   ဒုတိယ၊ မအေးအေးမိုး(ဘားအံ- EDC)က တတိယ ရရှိကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုရရှိသည့် အားကစားမောင်မယ်များအား ပညာရေး ဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဆရာအတတ်ပညာ ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်များဖြစ်သည့်   ဒေါ်သူဇာရှိန်၊ ဒေါ်အေးဖြူဇင်တို့က ဆုများကို ချီးမြှင့်ပေး ကြသည်။            

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံတွင်   ကျင်းပသည့် အမျိုးသမီး ဘော်လီဘောပွဲစဉ်နှင့် အမျိုးသား ဘော်လီဘောပွဲစဉ် တတိယနေရာလုပွဲကို လာရောက်ကြည့်ရှု အားပေးသည်။ အမျိုးသမီးပွဲစဉ်တွင် ထားဝယ်ပညာရေး ဒီဂရီကောလိပ်အသင်းက   ဘိုကလေးပညာရေး ဒီဂရီကောလိပ်အသင်းကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် လှည်းကူး ပညာရေးဒီဂရီကောလိပ် အသင်းက ပြည်ပညာရေး ဒီဂရီကောလိပ်အသင်းကို  ၃ ပွဲ၂ ပွဲဖြင့် လည်းကောင်း  အသီးသီး အနိုင်ရရှိကာ တတိယရရှိကြသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှ  ဆက်လက်ယှဉ်ပြိုင် ကစားကြရာ မကွေးဇုန်အသင်းက မန္တလေးဇုန် အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း၊ မော်လမြိုင်ဇုန်အသင်းက  တောင်ကြီးဇုန် အသင်းကို ၃ ဂိုး  ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။

ညနေပိုင်းတွင်   အားကစားမောင်မယ်များသည် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အတွင်းရှိ ရေကူးကန်နှင့် အားကစား လှုပ်ရှားမှုပြခန်းကို သွားရောက်လေ့လာကြသည်။

ဖေဖော်ဝါရီ ၂၁ ရက်တွင် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲမှ ပြေးခုန်ပစ်ပြိုင်ပွဲများနှင့်  ပိုက်ကျော်ခြင်း (အမျိုးသား) တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို လည်းကောင်း၊  တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံဘောလုံး ပြိုင်ပွဲမှ အုပ်စုပွဲစဉ်များကို လည်းကောင်း ဆက်လက်ယှဉ်ပြိုင်   ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။