ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်)

ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ၏အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်လျက်ရှိရာတွင် နိုင်ငံသားတိုင်း ကျန်းမာရေးကောင်းမွန်ရန်မှာ အလွန်အရေးကြီး သည်။ ကျန်းမာမှ ပညာသင်ကြားနိုင်ကြမည်။ ကျန်းမာမှ  အလုပ်လုပ်ကိုင်နိုင်ကြမည်ဖြစ်ပေရာ   အခြေခံကျန်းမာရေးစောင့်ရှောက်မှု  ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်းမှာ နိုင်ငံအတွက်ကောင်းမွန်သော ဆောင်ရွက်ချက်များဖြစ်သည်။

ကမ္ဘာတွင် လူဦးရေတိုးပွားများပြားလာခြင်းနှင့်အတူ ရောဂါအသစ်အဆန်းများလည်း ပေါ်ထွက်လာလျက်ရှိသည်။ ယနေ့ကာလ နိုင်ငံတိုင်း ကြုံတွေ့နေရသော ကိုဗစ်- ၁၉ ရောဂါသည်ပင် ရောဂါဆန်းတစ်ခုဖြစ်ပေရာ ထိုရောဂါအသစ်အဆန်းများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာသုတေသနများကို စဉ်ဆက်မပြတ် ပြုလုပ်နေကြရမည်ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံများကို စဉ်ဆက်မပြတ်ကျင်းပလျက်ရှိရာ ယခုအခါ (၅၁)ကြိမ်သို့ ရောက်ရှိပြီဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန (၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ဆေးသုတေသနဦးစီးဌာနတွင် ကျင်းပနေပြီ ဖြစ်သည်။

သုတေသနညီလာခံများ အစဉ်အလာမပျက်ကျင်းပခြင်းအားဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာများတိုးတက်လာပြီး ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်း မြင့်မားလာစေမည်ဖြစ်သည်။ သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချခြင်းဖြင့် ဖြစ်ပေါ် လာမည့်ရောဂါများကိုလည်း ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံသည် ကျန်းမာရေး ဝန်ကြီးဌာန၏ ပင်မမဏ္ဍိုင်လုပ်ငန်းကြီးများတွင်တစ်ခုအပါအဝင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် ပတ်သက်သော သုတေသနညီလာခံကို ၁၉၆၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၁၉၉၀ ပြည့်နှစ်အထိ အခြေခံသုတေသနစာတမ်းများသာ တင်သွင်းဖတ်ကြားခဲ့ကြောင်းသိရှိရသည်။ ၁၉၉၁ ခုနှစ်တွင် သုတေသန ပိုစတာများတင်သွင်း ပြသခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် လက်တွေ့အသုံးချ သုတေသနစာတမ်းတို့ကိုပါ ပြသဖတ်ကြားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို ထည့်သွင်းကျင်းပခဲ့ပြီး (၄၅)ကြိမ်မြောက်သုတေသနညီလာခံမှစတင်၍ အဓိကသုတေသနဦးတည်ချက် ခေါင်းစဉ်အား သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

ကုလသမဂ္ဂ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်(၁၇)ချက်တွင် “ကျန်းမာသောဘဝများကိုပိုင်ဆိုင်မှုရရှိရန်နှင့် အသက်အရွယ်အားလုံးအတွက် သာယာဝပြောမှု တိုးမြှင့်ရန်” ဟူ၍ဖော်ပြထားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် အခန်း(၈)၌ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များမှ ပုဒ်မ ၃၆၇ တွင် “နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ  ကျန်းမာရေးစောင့်ရှောက်မှုကိုခံယူခွင့်ရှိသည်”  ဟူ၍ပြဋ္ဌာန်း ထားသည့်အတိုင်း နိုင်ငံသားများ၏ ကျန်းမာရေးကို နိုင်ငံတော်အစိုးရအနေဖြင့်လည်း အလေးအနက်ထားဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာန၏(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် အခြေခံသုတေသနစာတမ်း ၁၈ စောင်၊ အသုံးချသုတေသနစာတမ်း ၃၂ စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်း ၈ စောင်၊ ပိုစတာစာတမ်း ၃၄ စောင် စုစုပေါင်းစာတမ်း ၉၂ စောင်ကို စာတမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှစိစစ်ပြီး ညီလာခံသို့ တင်သွင်းဖတ်ကြားပြသရန်   စီစဉ်ထား ကြောင်းသိရှိရသည်။ သုတေသီပညာရှင်များ၏ သုတေသနအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့်သုတေသန ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးထားအသိအမှတ်ပြုသောအားဖြင့် ၁၉၉၃ ခုနှစ်မှစ၍ အကောင်းဆုံး စာတမ်း ဆုများ၊ အကောင်းဆုံးပိုစတာဆုများကို ရွေးချယ်ချီးမြှင့်ခဲ့သည်။ ထို့ပြင်လူငယ်သုတေသီဆုကို ၂၀၁၀ ပြည့်နှစ်မှစတင်၍ ချီးမြှင့်ခဲ့သည်။ ကြိုးစားသူပညာရှင်တို့အတွက် ထိုက်တန်စွာဆုများ ချီးမြှင့်ခြင်းဖြစ်သည်။

(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် တင်သွင်းမည့်စာတမ်းများတွင် Myancopharm ကိုဗစ် ကာကွယ်ဆေး၊ ကိုဗစ်-၁၉ ရောဂါ၊ ကင်ဆာရောဂါ၊ တီဘီရောဂါ၊ အသည်း ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ တိုင်းရင်းဆေး၊ သွားဘက်ဆိုင်ရာ၊ အားကစားဆိုင်ရာ၊ မြွေဆိပ်၊ သွေးလွန် တုပ်ကွေး၊ ဆေးပညာသင်ကြားရေးနှင့် အကဲဖြတ်နည်းဆိုင်ရာ သုတေသနများပါဝင်သည်။ ထို့ပြင်ညီလာခံ ကျင်းပသည့်ရက်များအတွင်း နိုင်ငံတကာနှင့်ပြည်တွင်းမှ သုတေသနပညာရှင်များ ပါဝင်ဆွေးနွေးတင်ပြမည့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ  ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီးတွင်  သုတေသီများ၏ တင်ပြဆွေးနွေးကြသည့် သုတေသနဖော်ထုတ်ချက်ရလဒ်များကို ပြည်တွင်းပြည်ပပညာရှင်များက ပညာရပ်ဆိုင်ရာမျှဝေ ဆွေးနွေးလမ်းညွှန်မှုများကို ဆောင်ရွက်ကြမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးကဏ္ဍအတွက် များစွာ အထောက်အကူဖြစ်မည်ဟုယုံကြည်ပါကြောင်း ရေးသားလိုက်ရ ပေသည်။    ။