မြောက်ကိုရီးယားက ပစိဖိတ်ဒေသကို စက်ပစ်ကွင်းအဖြစ်ပြောင်းလဲနိုင်ဟု ကင်ယိုဂျုံသတိပေး
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ပစိဖိတ်ဒေသကို စက်ပစ်ကွင်းအဖြစ်ပြောင်းလဲ နိုင်စွမ်းရှိကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ညီမ ကင်ယိုဂျုံက သတိပေးလိုက်သည်။
မြောက်ကိုရီးယားစစ်ဘက်က ဖေဖော်ဝါရီ ၂၀ ရက်တွင် လက်နက်များစမ်းသပ်မှု၏တစ်စိတ်တစ်ပိုင်းအဖြစ် တာတိုပစ်အမြင့်ပျံဒုံးကျည်နှစ်စင်းကို နိုင်ငံအရှေ့ဘက်ရေပြင်သို့ ပစ်လွှတ်ပြီးနောက် ကင်ယိုဂျုံ၏ သတိပေးချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့ပြင် အမေရိကန်နိုင်ငံက ကိုရီးယားကျွန်းဆွယ်၌ ၎င်းတို့၏စစ်အင်အားကို လာရောက်ပြသမှုများ ဆက်လက်လုပ် ဆောင်နေစဉ် ကင်ယိုဂျုံက ယခုကဲ့သို့ သတိပေးလိုက်ခြင်းလည်းဖြစ်သည်။
အမေရိကန်နိုင်ငံမှ F-35 နှင့် F-16 တိုက်လေယာဉ်များ၊ B-1 Lancer မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များသည် ဖေဖော်ဝါရီ ၁၉ ရက်တွင် တောင်ကိုရီးယားလေတပ်အပြင် ဂျပန်လေတပ်တို့နှင့် သီးခြားစီပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်သည့် နောက်တစ်ရက်တွင် ကင်ယိုဂျုံက သတိပေးချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဒေသအတွင်း အမေရိကန်၏မဟာဗျူဟာမြောက်စစ်လက်နက်များလွှမ်းမိုးမှုသည် မြောက်ကိုရီးယားနိုင်ငံ၏ လုံခြုံရေးအပေါ် ထိခိုက်စေမှုရှိ၊ မရှိနှင့်ပတ်သက်၍ သေသေချာချာလေ့လာနေကြောင်း ကင်ယိုဂျုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပစိဖိတ်ဒေသကို ကျွန်မတို့ရဲ့ စက်ပစ်ကွင်းအဖြစ် အသုံးပြုမှုအကြိမ်အရေအတွက်က အမေရိကန်တပ်ဖွဲ့များရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်နေပါတယ်ဟု ကင်ယိုဂျုံက ပြောထားကြောင်း သိရသည်။
Ref: Sputnik