၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အားကစားနည်းအလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အားကစားနည်းအလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့တွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းနှင့် အားကစားရုံ များတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြုလုပ်သည့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲသို့ လာရောက် ကြည့်ရှုအားပေးသည်။

ယနေ့တွင်  အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသားသံပြားပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲနှင့် အမျိုးသားအမြင့်ခုန်ပြိုင်ပွဲ များကိုကျင်းပရာ  အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် မောင်ခန့်ဇင်ကိုကို (သင်္ဃန်းကျွန်း-EDC)က ပထမ၊ ခွန်ရန်နိုင်ထွန်း (တောင်ကြီး- EDC)က ဒုတိယ၊ စိုင်းသီဟစိုး(ဘားအံ- EDC)က တတိယ ရရှိကြပြီး အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် နန်းစုထွေး(စစ်ကိုင်း- EDC)က ပထမ၊ မခိုင်စံပါယ်ဦး(တောင်ကြီး- EDC)က ဒုတိယ၊  မအေးမြင့်ဦး(ဟားခါး- EDC)က တတိယရရှိ ကြသည်။ 

ထို့အတူ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် စောတူးတူးဘီ (ဘားအံ- EDC)က ပထမ၊ မောင်ကျော်မြတ်သူ(တောင်ကြီး- EDC)က ဒုတိယ၊ မောင်သန့်ဇင်ထွန်း (မိတ္ထီလာ- EDC)က   တတိယရရှိကြပြီး အမျိုးသမီး မီတာ၂၀၀ အပြေးပြိုင်ပွဲတွင် မဆုပြည့်ဦး(ထားဝယ်- EDC)က ပထမ၊ မဆုနံ့သာအောင်  (ဘားအံ- EDC)က ဒုတိယ၊ မဆုပိုပိုကျော် (ပုသိမ်- EDC) က တတိယရရှိကြသည်။

အလားတူ အမျိုးသားသံပြားပစ်ပြိုင်ပွဲတွင် မောင်ကျော်စွာဦး(ဘားအံ- EDC)က ပထမ၊ မောင်ပြည့်စုံဖြိုး(မိတ္ထီလာ- EDC)က ဒုတိယ၊ မောင်အောင်ကျော်ဇော(မြောင်းမြ- EDC)က တတိယရရှိကြပြီး  အမျိုးသမီး သံပြားပစ်ပြိုင်ပွဲတွင်  မသီသီဟန်(မကွေး- EDC)က ပထမ၊ မနန်းမွေဖောင်(လားရှိုး- EDC)က ဒုတိယ၊ မယွန်းစန္ဒီ(တောင်ကြီး- EDC)က တတိယရရှိကြသည်။

အမျိုးသား အမြင့်ခုန်ပြိုင်ပွဲတွင် မောင်ချမ်းသာလှိုင်(မုံရွာ- EDC)က ပထမ၊ မောင်ဂျွန်စော(မိတ္ထီလာ- EDC)က ဒုတိယ၊ မောင်နိုင်ဇင်လတ်(ရန်ကင်း- EDC) က တတိယရရှိကြသည်။

ပြိုင်ပွဲများအပြီးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်တို့က ဆုရရှိသည့် အားကစားမောင်မယ်များကို ဆုများချီးမြှင့်ပေးအပ်ကြသည်။

ထို့အတူ ဒုတိယဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(B)ရုံ၌ ကျင်းပသည့် အမျိုးသား ပိုက်ကျော်ခြင်း    တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို လာရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါပွဲစဉ်တွင်  မုံရွာပညာရေးဒီဂရီကောလိပ်အသင်းက မန္တလေးပညာရေးဒီဂရီ ကောလိပ်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိကာ တတိယရရှိပြီး ရန်ကင်းပညာရေး ဒီဂရီကောလိပ်က တောင်ငူပညာရေးဒီဂရီ ကောလိပ်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရ ဗိုလ်စွဲ၍ ပထမဆုရရှိသည်။

ပြိုင်ပွဲအပြီးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ဦး၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တို့က ဆုရရှိကြသည့်အသင်းများကို ဆုများ ချီးမြှင့်ပေးအပ်ကြသည်။

ညနေပိုင်းတွင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ တတိယနေရာ လုပွဲကို ဆက်လက်ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါပွဲစဉ်တွင် မကွေးပညာရေး ဒီဂရီကောလိပ်အသင်းက ပုသိမ်ပညာရေးဒီဂရီ ကောလိပ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး တတိယရရှိသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်ဇုန် အသင်းက ဒဂုံဇုန်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်  လည်းကောင်း၊ ပုသိမ်ဇုန်အသင်းက မြစ်ကြီးနားဇုန်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိကြောင်းနှင့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပညာရေးဒီဂရီကောလိပ် ပေါင်းစုံဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲစဉ်ကိုလည်းကောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲမှ အုပ်စုပွဲစဉ်များကိုလည်းကောင်း ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

   (သတင်းစဉ်)