ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုမရရှိပါက နည်းပြအပြောင်းအလဲပြုလုပ်ပြီး တူချယ်လ်ကို ပြန်လည် ခန့်အပ်ဖွယ်ရှိနေ

ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုမရရှိပါက နည်းပြအပြောင်းအလဲပြုလုပ်ပြီး တူချယ်လ်ကို ပြန်လည် ခန့်အပ်ဖွယ်ရှိနေ

ပါရီ၊ ဘောလုံး

ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက ယခုဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုမရရှိပါက ရာသီအကုန်တွင် နည်းပြ အပြောင်းအလဲပြုလုပ်ဖွယ်ရှိပြီး လက်ရှိနည်းပြ ဂယ်တီယာ၏နေရာ၌ နည်းပြသစ်အဖြစ် တူချယ်လ်ကို ပြန်လည်ခန့်အပ်ဖွယ်ရှိ ကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းသည်   ပြီးခဲ့သည့်ဘောလုံး ရာသီအကုန်က နည်းပြပိုချက်တီနိုကို ထုတ်ပယ်ပြီး နည်းပြသစ်အဖြစ် ဂယ်တီယာကို ခန့်အပ်ထားသော် လည်း ယခုဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၁၆ သင်းရှုံးထွက်အဆင့်တွင်ပင် ထွက်ခွာဖွယ်ရှိနေသည့် အခြေအနေများကြောင့်   နည်းပြအပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည် အစောပိုင်းက ရလဒ် ကောင်းများရရှိခဲ့ပြီး နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်ပိုင်းများမတည်မငြိမ်ဖြစ်နေကာ  ပြီးခဲ့သည့် ဘောလုံးရာသီက တစ်ရာသီလုံးတွင် ရှုံးပွဲလေးပွဲသာ ရှိခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ရာသီမကုန်ဆုံးမီကတည်းက ရှုံးပွဲငါးပွဲအထိ တွေ့ကြုံထားခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည် မက်ဆီ၊ နေမာ၊ အမ်ဘတ်ပီ စသည့် ထိပ်တန်းတိုက်စစ် ကစားသမားများရှိနေသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရုန်းကန်နေရကာ ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ အိမ်ကွင်း၌ ဘိုင်ယန်မြူးနစ်အသင်းကို ၁-ဂိုး-ဂိုး မရှိဖြင့် ရှုံးနိမ့်ပြီး ဒုတိယအကျော့တွင် အဝေးကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည့်အတွက် ၁၆ သင်းရှုံးထွက်အဆင့်မှပင်    ထွက်ခွာရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

နည်းပြတူချယ်လ်သည် ၂၀၁၉-၂၀၂၀ ဘောလုံး ရာသီက ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ တွင် ဒုတိယဆုရရှိအောင် စွမ်းဆောင် ပေးနိုင်သကဲ့သို့ ချယ်လ်ဆီးအသင်းနှင့် ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူး နိုင်ခဲ့သည့်အတွက် ယခုအခါ နည်းပြဟောင်း တူချယ်လ်ကို ပြန်လည်ခန့်အပ်ဖွယ်ရှိနေကြောင်း သိရသည်။                      

Ref;L'Equipe