တပ်မတော်သားတို့၏စိတ်ဓာတ်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်)

တပ်မတော်သားတို့၏စိတ်ဓာတ်

ကမ္ဘာကြီးတွင် လွန်ခဲ့သော ၁၈ ရာစုနှောင်းပိုင်းနှင့် ၁၉ ရာစုကာလအခြေအနေမှာ အင်အားကြီးမားသူများက အင်အားနည်းပါးသူများ အပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျခဲ့ကြသည်။ ကမ္ဘာပေါ်တွင်စစ်အင်အားနှင့် စက်မှုအင်အားကြီးမားသူတို့ အနိုင်ရရှိနေသော အချိန်ကာလဟု ဆိုနိုင်သည်။ အင်အားနည်းပါးသော နိုင်ငံအများစုသည် ကိုလိုနီလက်အောက်ခံအဖြစ် မိမိ တိုင်းပြည်ကို သူတစ်ပါးက လာရောက်အုပ်ချုပ်သည်ကို လက်ပိုက်ကြည့်နေခဲ့ကြရသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည်။

ကိုလိုနီအဖြစ် ကျရောက်ခဲ့ရသည့်နိုင်ငံများကို ပြန်လည်လေ့လာကြည့်လျှင် စနစ်တကျဖွဲ့စည်းထားသည့် အမြဲတမ်း တပ်မတော် တစ်ရပ်မရှိခြင်း၊ စွမ်းအားနည်းပါးခြင်းဟူသောအချက်ကို တူညီစွာတွေ့ရသည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် စက်မှုထွန်းကား ရေး၊ နည်းပညာတတ်မြောက်ရေးအတွက် ကြိုးစားခဲ့ကြသော်လည်း နယ်ချဲ့တို့၏ သွေးထိုးနှောင့်ယှက်မှု၊ လက်ပါးစေများ မွေးမြူ ထားမှုတို့ကြောင့် မြန်မာတို့၏ ခေတ်မီတိုးတက်ရေးလုပ်ငန်းများ ပျက်ပြားသွားခဲ့သည်။

စနစ်တကျဖွဲ့စည်းထားသည့် အမြဲတမ်းတပ်မတော်တစ်ရပ်မရှိခြင်း၊ အင်အားနည်းပါးခြင်း၊ စွမ်းရည်ညံ့ခြင်းတို့၏ ရလဒ်မှာ နောက်ဆုံးတွင် တိုင်းတစ်ပါးလက်အောက် ကျရောက်နွံနစ်သွားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မျိုးချစ်စိတ်ဓာတ်ရှိသူလူငယ်များက ရဲဝံ့စွန့်စားစွာ တပ်မတော်တစ်ရပ်ဖြစ်မြောက်အောင် ကြိုးစားခဲ့သည့်အတွက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဘီအိုင်အေဟု ခေါ်သော ဗမာ့လွတ်လပ်ရေး တပ်မတော်စတင် ပေါ်ပေါက်ခဲ့သည်။ ယနေ့တည်ရှိနေသည့် တပ်မတော်မှာ အဆိုပါဘီအိုင်အေမှ   ဆင်းသက်ပေါ်ပေါက်လာသော တပ်မတော်သာ ဖြစ်သည်။

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးဟူသော လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခြင်းဖြစ်သည့်အတွက် အတွေ့ အကြုံပေါင်းများစွာရှိနေသော တပ်မတော်ဖြစ်သည်။ လွတ်လပ်ရေးဆုံးရှုံးမှုဟူသော ကြီးမားသောသင်ခန်းစာကြီး ရရှိထားပြီးဖြစ်၍ တပ်မတော်သား အဆက်ဆက်တို့သည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အဓိကအရေးအဖြစ် သိမှတ် လိုက်နာကျင့်ကြံ လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်တွင် အရေးကြုံတိုင်း တပ်မတော်ကဦးဆောင်နိုင်ခဲ့သည်မှာ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်များ ပြည့်ဝအောင် လေ့ကျင့်ထားနိုင်ခြင်းကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ခေတ်နှင့်အညီ ခေတ်မီတပ်မတော်တစ်ရပ်ကိုပိုင်ဆိုင်ထားပြီးဖြစ်သည်။ တပ်မတော်မှာ နိုင်ငံအတွက် ခိုင်မာကျစ်လျစ်သော အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်ပြိုကွဲလျှင် နိုင်ငံပြိုကွဲမည်မှာ အမှန်ဖြစ်သည်။ မြန်မာနိုင်ငံ ပျက်စီးရေးကို ဦးတည်သူတို့က တပ်မတော်ကိုအဓိကထားကာ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်နေသည်ကို လွန်ခဲ့သည့်နှစ်များဆီက အုပ်ချုပ်ခဲ့သောအစိုးရ၏ လုပ်ရပ်များတွင် ထင်ရှားစွာမြင်တွေ့နိုင်သည်။

သို့သော် တပ်မတော်သားတို့သည် ယုံကြည်ချက်၊ ခံယူချက်မှန်ကန်သည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသော မွန်မြတ်သည့် စိတ်ဓာတ်ကိုယ်စီရှိကြသည်။ တပ်မတော်သားတို့၏ ကောင်းမွန် မှန်ကန်သောစိတ်ဓာတ်သည် နိုင်ငံတော်ကို ကောင်းကျိုး ပြုနေခြင်းဖြစ်သည်။ စိတ်ဓာတ်ကောင်းခြင်း၊ စည်းကမ်းကောင်းခြင်း၊ နိုင်ငံတော်အပေါ်သစ္စာရှိခြင်း၊ စည်းလုံးညီညွတ်မှု ရှိခြင်းနှင့် အထက်တွင်ဖော်ပြခဲ့သော စွမ်းရည်သုံးရပ်ပြည့်စုံခြင်းတို့က တပ်မတော်တစ်ရပ်၏ ခိုင်မာမှုကိုပြသခြင်း ဖြစ်သည်။

တပ်မတော် တစ်ရပ်ခိုင်မာစွာရှိနေခြင်းမှာ မိမိနိုင်ငံ၊ မိမိလူမျိုးကို ကာကွယ်လိုစိတ်ရှိသည့် လူငယ်များကြောင့်ဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို စိတ်ဝင်စားစွာကိုယ်တိုင်ဆန္ဒပြုသည့် လူငယ်မောင်မယ်များရှိနေသရွေ့ နိုင်ငံ၏ လွတ်လပ်ရေးခိုင်မြဲနေမည် ဖြစ်သည်။ နိုင်ငံတော်ကာကွယ်လိုစိတ်ရှိရန်အတွက် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးသည့် အကြောင်းအရာများတွင် စစ်ချီတေး၊ စစ်သည်တေးများလည်း ပါဝင်သည်။ ထိုတေးသီချင်းများသည် လူငယ်တို့၏ စိတ်ဓာတ်ကိုတက်ကြွစေသည်။ အားမာန်ဖြစ်စေသည်။ နိုင်ငံတော်ကိုချစ်သည့်စိတ်၊ မြတ်နိုးသည့်စိတ်၊ တန်ဖိုးထားသည့် စိတ်ဖြစ်စေသည်။

လူငယ်မောင်မယ်တို့၏ဘဝတွင် စစ်ချီတေး၊ စစ်သည်တေးများကြောင့် စစ်သွေးစစ်မာန်တက်ကြွနိုးကြားလာကာ နိုင်ငံတော် ကာကွယ်လိုသူများ ပေါ်ပေါက်လျက်ရှိသည်။  တပ်မတော်နေ့အထိမ်းအမှတ် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ စတင်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်စစ်တီးဝိုင်း အသင်းပေါင်း ၃၁ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲများတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)သာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြုအသင်းများလည်း ပါဝင်ယှဉ်ပြိုင်ကြသည်။

စစ်တီးဝိုင်းမှတီးမှုတ်သော စစ်ချီသီချင်းသံများဖြင့် လမ်းလျှောက်ချီတက်ရသည်မှာ လွန်စွာစိတ်ဓာတ်တက်ကြွပြီး ညီညာမှုကိုလည်း ပေါ်လွင်စေသည်။ တပ်မတော်သားတို့၏ စိတ်ဓာတ်ခွန်အား၊ စည်းကမ်းလိုက်နာမှုစွမ်းအားတို့ကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်း ပေးနေသော စစ်တီးဝိုင်းပြိုင်ပွဲကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။    ။