၂၀၂၃ ခုနှစ်၏ လေတပ်အတွက်အရေးပါသည့် အစွမ်းထက်တိုက်လေယာဉ်များ

၂၀၂၃ ခုနှစ်၏ လေတပ်အတွက်အရေးပါသည့် အစွမ်းထက်တိုက်လေယာဉ်များ

ကမ္ဘာပေါ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များတွင်အသုံးပြုလျက်ရှိသော တိုက်လေယာဉ်များသည် လေတပ်အတွက် အထူးထင်ရှားသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ယင်းတိုက်လေယာဉ်များသည် စစ်ပွဲတစ်ပွဲ၏ အရေးအပါဆုံးအစိတ်အပိုင်းတစ်ရပ်ဖြစ်လာလေ့ရှိသည်။ သို့သော် နိုင်ငံအချို့သည် ဈေးနှုန်းသက်သာသည့် တိုက်လေယာဉ်များကို အသုံးပြုလေ့ရှိသော်လည်း အင်အားတောင့်တင်းသည့် လက်နက်ကိုင်တပ်ဖွဲ့များကို တည်ထောင်ဖွဲ့စည်းလိုသည့်နိုင်ငံများကမူ နည်းပညာအရ အဆင့်မြင့်မားသည့် တိုက်လေယာဉ်များကိုသာ အသုံးပြုကြကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။

Sukhoi Su-35 တိုက်လေယာဉ်

Su-35 တိုက်လေယာဉ်သည်  ရုရှားနိုင်ငံမှထုတ်လုပ်သည့်တိုက်လေယာဉ်တစ်စင်းဖြစ်ပြီး Su-27 အမျိုးအစားတိုက်လေယာဉ်ကို ပြန်လည်အဆင့်မြှင့်တင်ထားခြင်း ဖြစ်သည်။ အဆိုပါ တိုက်လေယာဉ်ကို Sukhoi Design Bureau က ဒီဇိုင်းထုတ်လုပ်ခဲ့ပြီး  Komsomolsk-on-Amur လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ(စက်ရုံ)မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံသည် Su-35 တိုက်လေယာဉ်များကို  ပထမဆုံးအကြိမ်အဖြစ် ဆီးရီးယားရှိ  စစ်ဆင်ရေးများတွင် ဖြန့်ကြက်အသုံးပြုခဲ့သည်။ဆီးရီးယားအစိုးရ၏တောင်းဆိုချက်အရ ရုရှားက ဆီးရီးယားပြည်တွင်းစစ်အတွင်း စစ်ရေးအရ ကြားဝင်ဖျန်ဖြေပေးသည့်ကာလအတွင်း   ရုရှားလက်နက်ကိုင်တပ်များက အဆိုပါလေယာဉ်များကို  Khmeimim လေတပ်စခန်းတွင် ဖြန့်ကြက်ခဲ့ခြင်းဖြစ်သည်။ Su-35 တိုက်လေယာဉ်များအား နေတိုးတပ်ဖွဲ့က Flanker-E ဟု  အမည်ပေးထားသည်။   အဆိုပါ တိုက်လေယာဉ်များကို တရုတ်နှင့် အင်ဒိုနီးရှားလေတပ်တို့တွင်လည်း အသုံးပြုလျက်ရှိသည်။ Su-35 တိုက်လေယာဉ်ကို  ကနဦးအနေဖြင့် လေကြောင်းစွမ်းရည်သာလွန်ရေးအတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်သော်လည်း မြေပြင်တိုက်ခိုက်မှုများကိုပါ  လုပ်ဆောင်နိုင်သည်။  လက်နက်စနစ်အများအပြားကိုသယ်ဆောင်နိုင်ပြီး   အများဆုံး ၈၀၀၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်စွမ်းရှိသည်။    လေယာဉ်တွင်တပ်ဆင်ထားသည့် ကြီးမားသောအင်ဂျင်ကြောင့် အချိန်ကြာမြင့်စွာ မောင်းနှင်ပျံသန်းနိုင်သည့်အပြင် အသံထက်မြန်သောအရှိန်နှုန်းဖြင့်လည်း  မောင်းနှင်နိုင်စွမ်းရှိသည်။

ရုရှားနိုင်ငံသည် အဆိုပါ Su-35 တိုက်လေယာဉ်များကို အခြားနိုင်ငံများသို့တင်ပို့လျက်ရှိပြီး   ယခင်ကအသုံးပြုခဲ့သည့် MiG-29 နှင့် Su-27 အမျိုးအစားတိုက်လေယာဉ်များနေရာတွင် အစားထိုးအသုံးပြုလျက်ရှိသည်။

Rafale Dassault Rafale တိုက်လေယာဉ် Rafale Dassault Rafale တိုက်လေယာဉ်သည်  ပြင်သစ်နိုင်ငံ Dassault  Aviation ကုမ္ပဏီမှ ဒီဇိုင်းထွင်ထုတ်လုပ်ထားသည့် အင်ဂျင်နှစ်လုံးတပ် ဘက်စုံသုံး တိုက်လေယာဉ်တစ်စင်းဖြစ်သည်။   လေကြောင်းအသာစီးရရှိရန်၊ တားမြစ်ပိတ်ဆို့ရန်၊ လေကြောင်းကင်းထောက်လှမ်းရန်နှင့် မြေပြင်တပ်များအတွက်    လေကြောင်းပစ်ကူပေးရန်တို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သော်လည်း ထိရောက်မှုရှိသည့်ပစ်အားကို ပေးနိုင်သည့်အပြင် သင်္ဘောများကိုတိုက်ခိုက် ဖျက်ဆီးနိုင်ပြီး နျူကလီးယားတားဆီးရေးမစ်ရှင်များကိုပါ စွမ်းဆောင်နိုင်စွမ်းရှိသည့် တိုက်လေယာဉ်တစ်စင်းဖြစ်သည်။   ထို့ကြောင့် Dassault Rafale တိုက်လေယာဉ်ကို ဘက်စုံ ကဏ္ဍစုံတွင် အသုံးပြုနိုင်သည့် တိုက်လေယာဉ်တစ်စင်းဟုလည်း တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။

Dassault Rafale တိုက်လေယာဉ်ကို ပြင်သစ်လေတပ်နှင့် ရေတပ်နှစ်ခုစလုံးတွင် အသုံးပြုလျက်ရှိသည်။ တိုက်လေယာဉ်ကို နောက်ဆုံးပေါ် လေယာဉ်ပုံစံထုတ်လုပ်သည့် နည်းပညာများ  ထည့်သွင်းအသုံးပြု၍ တည်ဆောက်ထားခြင်းဖြစ်သည်။  တိုက်လေယာဉ်တွင် ဒုံးကျည်များ နှင့်လက်နက်စနစ် အများအပြားကို တပ်ဆင်ထားသောကြောင့် Dassault Rafale တိုက်လေယာဉ်အနေဖြင့် ပစ်မှတ်ပေါင်း ၄၀ ကို ရှာဖွေထောက်လှမ်းနိုင်သည့်အပြင် ပစ်မှတ်လေးခုကို  တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်သည်။    ထို့ကြောင့်  Dassault Rafale တိုက်လေယာဉ်သည် ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့အတွက် ၂၁ ရာစုအတွင်း လေကြောင်းသာလွန်မှုကိုအပြည့်အဝပေးနိုင်သည့်  အုတ်မြစ်တစ်ခုဟုလည်းဆိုနိုင်သည်။

Eurofighter Typhoon တိုက်လေယာဉ်

Eurofighter Typhoon တိုက်လေယာဉ်သည်  အင်ဂျင်နှစ်လုံးတပ် ဘက်စုံသုံး  တိုက်လေယာဉ်တစ်စင်းဖြစ်သည်။    လေကြောင်းတိုက်ခိုက်ရေးစွမ်းရည်သာလွန်မှုရှိသည့်လေယာဉ်အဖြစ် မူလကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ၂၁ ရာစုအတွက် ဥရောပ၏ လေကြောင်းအင်အားသာလွန်မှု အခန်းကဏ္ဍအတွက်    အခြေခံအုတ်မြစ်ချခဲ့သည့်    တိုက်လေယာဉ်ဖြစ်လာခဲ့သည်။   အဆိုပါတိုက်လေယာဉ်ကို ဂျာမနီ၊ အီတလီ၊ ဗြိတိန်နှင့် နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံတို့က ၁၉၈၆ ခုနှစ်တွင် ပူးပေါင်းဖွဲ့စည်းခဲ့သော Eurofighter consortium က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။    Eurofighter Typhoon တိုက်လေယာဉ်တွင် အဆင့်မြင့်နည်းပညာသုံး ဒုံးကျည်များကို တပ်ဆင်ထားပြီး ခေတ်မီသော လေယာဉ်ထုတ်လုပ်မှု အီလက်ထရွန်နစ်ပညာရပ်အများအပြားကို ထည့်သွင်းတပ်ဆင်ထားသည်။  သို့ရာတွင် ယင်းတိုက်လေယာဉ်သည် အမေရိကန်ပြည်ထောင်စုက ထုတ်လုပ်ထားသည့် F-22 Raptor တိုက်လေယာဉ်၏  တိုက်ပွဲဝင်နိုင်စွမ်းရည်၏ ထက်ဝက်သာရှိသည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း   F-15F တိုက်လေယာဉ်နှင့် အခြားတိုက်လေယာဉ်ပေါင်းများစွာထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားသည်။ Eurofighter Typhoon တိုက်လေယာဉ်သည် လက်တွေ့စစ်ဆင်ရေးအဖြစ် ဗြိတိန်တော်ဝင်လေတပ်နှင့် အီတလီလေတပ်တို့နှင့်အတူ လစ်ဗျားနိုင်ငံအတွင်း ၂၀၁၁ ခုနှစ်က လုပ်ဆောင်ခဲ့သောစစ်ရေးအရ ကြားဝင်ဖျန်ဖြေမှုတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆင်နွှဲခဲ့ပြီး လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်တိုက်ခိုက်ရေးတို့တွင် ပါဝင်ခဲ့သည်။ အဆိုပါတိုက်လေယာဉ်ကို အိုမန်၊ ကူဝိတ်၊ ကာတာနှင့် ဆော်ဒီအာရေဗျလေတပ်အပါအဝင် နိုင်ငံအများအပြား၌ လက်ရှိအသုံးပြုလျက်ရှိသည်။

Sukhoi Su-57 တိုက်လေယာဉ်

အင်ဂျင်နှစ်လုံးတပ် ကိုယ်ပျောက်နည်းပညာသုံး    Sukhoi Su-57 တိုက်လေယာဉ်ကို ရုရှားနိုင်ငံ ဆူခွိုင်းကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်သည်။ ပဉ္စမမြောက်မျိုးဆက်နှင့် ဘက်စုံသုံးတိုက်လေယာဉ် တစ်စင်းဖြစ်ပြီး ယင်းလေယာဉ်အား ထုတ်လုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ   ရုရှားလေတပ်အား လေကြောင်းတိုက်ပွဲ၌ အသာစီးရရှိစေရန်နှင့် မြေပြင်စစ်ဆင် ရေးများတွင် အသုံးပြုရန်ဖြစ်သည်။ အဆိုပါတိုက်လေယာဉ်ကို PAK FA သို့မဟုတ် အနာဂတ်ရှေ့တန်းတိုက်လေယာဉ်စနစ်အစီအစဉ်အရ ထုတ်လုပ်ထားခြင်းဖြစ်သည်။ Su-57 တိုက်လေယာဉ်ကို ရုရှားလေတပ်တွင် လက်ရှိအသုံးပြုနေသည့် MiG-29နှင့် Su-27 တိုက်လေယာဉ်များ၏နေရာတွင် အစားထိုးအသုံးပြုရန်စီစဉ်ခဲ့သည်။    ရုရှားနိုင်ငံသည် Su-57 တိုက်လေယာဉ်ကို အမေရိကန်တို့၏ F-22 Raptor တိုက်လေယာဉ်အား တန်ပြန်ရန်အတွက် ထုတ်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။    Su-57 တိုက်လေယာဉ်၏မူကွဲကို ၂၀၁၀ ပြည့်နှစ်တွင် လူသိရှင်ကြားထုတ်ဖော်ပြသခဲ့သည့်အပြင် ပထမဆုံးအကြိမ်အဖြစ်    စမ်းသပ်ပျံသန်းပြသခဲ့သည်။ ပထမအသုတ်အဖြစ် တိုက်လေယာဉ် ၁၂ စင်းကို ရုရှားလေတပ်သို့ ၂၀၁၈ ခုနှစ်အတွင်း တပ်တော်ဝင်ခဲ့သည်။  စင်စစ်တွင် ရုရှားနိုင်ငံသည် ကြိုတင်ထုတ်လုပ်ထားသည့်  Su-57 တိုက်လေယာဉ်များကိုဆီးရီးယားနိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်းမှစ၍  ဖြန့်ကြက်ထားပြီးဖြစ်သည်။

Su-57 တိုက်လေယာဉ်သည် ပဉ္စမမြောက်မျိုးဆက်သစ်တိုက်လေယာဉ်တစ်စင်းဖြစ်ပြီး ရန်သူ့ရေဒါ၏ထောက်လှမ်းမှုကို  ရှောင်ရှားနိုင်စွမ်းရှိသည်။ ထို့ပြင် အလေးချိန်အားဖြင့် ၇၅၀၀ ကီလိုဂရမ်ရှိ လက်နက်ခဲယမ်းများကိုပါ သယ်ဆောင်နိုင်စွမ်းရှိသည်ဟု သိရသည်။

F-22 Raptorတိုက်လေယာဉ်

အမေရိကန်လေတပ်တွင်အသုံးပြုရန်အတွက်  Lockheed Martin ကုမ္ပဏီက ထုတ်လုပ်ထားသည့် ပဉ္စမ မြောက်တိုက်လေယာဉ်တစ်စင်းဖြစ်သည်။ အင်ဂျင်တစ်လုံးတည်းတပ်ဆင်ထားပြီး  လေယာဉ်မှူးနှစ်ဦး လိုက်ပါနိုင်သည်။  ရာသီအားလုံးတွင် ရန်သူ့၏ရေဒါကို ရှောင်ရှားနိုင်သည့် နည်းဗျူဟာမြောက်   တိုက်လေယာဉ်တစ်စင်းလည်းဖြစ်သည်။

အဓိကအားဖြင့်  လေကြောင်းတိုက်ခိုက်ရေးအတွက် ထုတ်လုပ်ထားခြင်း ဖြစ်သော်လည်း မြေပြင်တိုက်ခိုက်မှု များကိုလည်း လုပ်ဆောင်နိုင်စွမ်းရှိသည်။ ၂၀၀၅ ခုနှစ်  ဒီဇင်ဘာလမှစ၍   အမေရိကန်လေတပ်က တရားဝင်အသုံးပြုပျံသန်းခဲ့သည်။  လေယာဉ်တွင်တပ်ဆင်ထားသည့် ကိုယ်ပျောက်နည်းပညာ၊ လေခွင်းအားနှင့် ပတ်ဝန်းကျင်အခြေအနေကို သတိပြုနိုင်စွမ်းရည်တို့သည်  လေယာဉ်၏ လေကြောင်းတိုက်ခိုက်ရေး စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်လာစေခဲ့သည်။  ထို့ပြင် F-22 Raptor တိုက်လေယာဉ်တွင်  အခြားလက်နက်စနစ် အများအပြားကို  တပ်ဆင်ထားသည်။ အဆိုပါတိုက်လေယာဉ်သည် B-2 Spirit အမျိုးအစား လေယာဉ်ပြီးနောက် ကမ္ဘာပေါ်တွင် ထုတ်လုပ်မှုကုန်ကျစရိတ် အများဆုံးသော တိုက်လေယာဉ်လည်းဖြစ်သည်။  F-22 Raptor တိုက်လေယာဉ်တစ်စင်း၏ ကုန်ကျစရိတ်မှာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာသန်း ၃၅၀ ခန့်ရှိသည်။

F-22 Raptor တိုက်လေယာဉ်သည် တာဝေးပျံသန်းနိုင်စွမ်းရှိသည့်အပြင်  fly-by-wire လေယာဉ်ထိန်းချုပ်ရေးစနစ် တပ်ဆင်ထားခြင်းကြောင့် အလွယ်တကူထိန်းချုပ် ပျံသန်းနိုင်စွမ်းရှိသည်။ ၎င်းကို ကနဦးက လေကြောင်းအသာစီးရရှိရေးအတွက်    ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် လေယာဉ်ကိုထုတ်လုပ်ပြီးချိန်မှစ၍    အခြားနိုင်ငံများ၏ လေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများ ထွက်ပေါ်လာခြင်းမရှိသောကြောင့် နောက်ပိုင်းတွင် ဘက်စုံသုံးတိုက်လေယာဉ်အဖြစ် ပြောင်းလဲအသုံးပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင်  ယင်းတိုက်လေယာဉ်သည်  ကမ္ဘာပေါ်ရှိအကောင်းဆုံးသော တိုက်လေယာဉ် တစ်စင်းအဖြစ် ရပ်တည်လျက်ရှိပါသည်။                                             

 Ref: AT, MT