ချမ်းမြေ့ပျော်ရွှင် ပွဲကောက်ရေတံခွန်တွင် . . .

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်)

ချမ်းမြေ့ပျော်ရွှင် ပွဲကောက်ရေတံခွန်တွင် . . .

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်တွင် ဈေးကွက်စီးပွားရေးစနစ်တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူ၍ ချမှတ်ထားသည်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားခြင်းနှင့်အတူ နိုင်ငံအတွင်း ခရီးသွားဧည့်သည်များ ပိုမိုလာရောက် နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။ အိမ်သာလျှင် ဧည့်လာမည်ဆိုသည့်အတိုင်း မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်ရန် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် နေရာဒေသများ များပြားစွာရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ပြင်ဦးလွင်မြို့အား မူလတောင်ပေါ်အပန်းဖြေမြို့ အဖြစ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်း တည်ဆောက်လျက်ရှိသည်။ ပြင်ဦးလွင်မြို့ကို နိုင်ငံတကာမှစိတ်ဝင် စားမှုရှိပြီး ခရီးသွားလုပ်ငန်းအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်သည့်အတွက် နိုင်ငံတကာအဆင့်မီ သာယာလှပစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြင်ဦးလွင်မြို့ပတ်ဝန်းကျင်ရှိသစ်တော များပြုန်းတီးမှုမရှိစေရေး၊ ကန်တော်ကြီး ရေလှောင်ကန်အတွင်း ရေဝင်ရောက်မှုများပြား စေရေးတို့ကိုဆောင် ရွက်လျက်ရှိသည်။ ပြင်ဦးလွင်ဘူတာသည်သမိုင်းဝင်ဘူတာဖြစ်ပြီး ဂုတ်ထိပ်တံတားသည်လည်းသမိုင်းဝင် နေရာတစ်ခုဖြစ်သည့်အတွက် ခရီးသွားများစိတ်ဝင်စားမှုရှိသည့် ကျောက်မီးသွေးသုံး ရထားစက်ခေါင်းများ အသုံးပြု၍ ပြင်ဦးလွင်မြို့ ကို ဗဟိုပြုပြီး ရထားခရီးစဉ်များ ပြေးဆွဲနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ပြင်ဦးလွင်မြို့သာယာလှပရေး၊ ကုန်ထုတ်လုပ်မှုများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာတွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း(BE .FALLS)ကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက် နိုင်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း(BE .FALLS)အဆင့်မြှင့်တင် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း(BE .FALLS) မုခ်ဦးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံတကာအဆင့်မီအပန်းဖြေစခန်းဂုဏ်ဒြပ်နှင့်အညီ ပိုမို၍ကောင်းမွန်အောင်ဖြည့်ဆည်းပေး လျက်ရှိရာတွင်၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း(BE .FALLS)တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲခဲ့သည်။ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(BE .FALLS)တွင် ပတ်ဝန်းကျင်ရှုခင်းများကို အမြင့်မှ ကြည့်ရှုနိုင်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် စီးနင်းနိုင်မည့် Sky Cable Car ပြေးဆွဲမည့်လမ်းကြောင်းအနေဖြင့် အသွား/အပြန် ၁၁၀၈ မီတာရှည်လျားကာ Drive Station House? Return Station House အဆောက်အအုံနှစ်လုံး၊ ွှသတနမ ခြောက်ခုပါဝင် တည်ဆောက်ထားကာ လူလိုက်ပါစီးနင်းနိုင်သည့် လေးယောက်စီး Cabins ၃၆ လုံးတပ်ဆင်မောင်းနှင်လျက်ရှိသည်။ အသွား/အပြန် Full Circle တစ်ပတ်လျှင် ၂၄ မိနစ်ခန့်ကြာမြင့်မည်။ Skycable Way တည်ဆောက်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်း၊ Safety Precaution၊ Emergency Rescue Drills ဆောင်ရွက်ခြင်းလုပ်ငန်းများကို အောင်မြင်စွာ စစ်ဆေး စမ်းသပ်ထားပြီးဖြစ်၍ လာရောက်လည်ပတ် အပန်းဖြေအနားယူသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် Sky Cable Car စီးနင်းနိုင်ပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအရ ယခုကဲ့သို့ အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ရေတံခွန်အတွင်း ရေသန့်စင်စေရေး သဘာဝရေသန့်စင်စနစ်ကို အသုံးပြုထားသဖြင့် ရေကစားလိုသူများအနေဖြင့်လည်း သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာရေကစားနိုင်မည်ဖြစ်သည်။ အပန်းဖြေစခန်းတွင် ရေတံခွန်သုံးခု ရှိပြီး မြန်မာနိုင်ငံတွင်ပထမဆုံးသော LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာ ထည့်သွင်း ဆောက်လုပ်ထားသည်။ မှန်တံတားအောက်ခြေရှုခင်းများကို ရင်ခုန်စိတ်လှုပ်ရှားစွာခံစားနိုင်ကြမည်ဖြစ်သည်။

ပြင်ဦးလွင်သည် ပန်းမြို့တော်၊ ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံကိုစိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကိုလည်း ကျင်းပလျက်ရှိသည်။ မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေ နေရာများ၊ ကလေးကစားကွင်းများစသည်တို့အပြင် Sky Cable Car ပြေးဆွဲခြင်းများဖြင့် ပြည့်စုံအောင်ထည့်သွင်း အဆင့်မြှင့် ထားရှိ သည်။ ရှေးခေတ်က ပြင်ဦးလွင်ဒေသတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်များ၊ ကြိုးတံတားနှင့် သစ်လုံးအိမ်တို့ကိုလည်း ထည့်သွင်း တည်ဆောက်ထားသည်။

ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းသည် ပြည်တွင်းပြည်ပခရီးသွားများအတွက် လှပဆန်းသစ်၍ ကြည်နူးဖွယ်ကောင်းလှသော အပန်းဖြေစခန်းတစ်ခုဖြစ်သည်။ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS)သည် ပွဲကောက်ကျေးရွာအနီး မန္တလေး-လားရှိုး မီးရထားလမ်းနှင့် ကားလမ်းတို့အကြားတွင်တည်ရှိ ပြီးလုံခြုံရေးနှင့် ကူညီကယ်ဆယ်ရေးအတွက်လည်း အသေးစိတ်ပြင်ဆင်ထားပြီး ဖြစ်သည်။ အပန်းဖြေအနားယူလိုသူများအတွက် လွန်စွာသင့်တော်သည့်နေရာဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  ။