လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးဖွင့်ပွဲ အခမ်းအနားနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ ကျင်းပ

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးဖွင့်ပွဲ အခမ်းအနားနှင့်  နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၄

        လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးဖွင့်ပွဲအခမ်းအနားနှင့် နှစ်ကျိပ် ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်၌ ပြုလုပ်ရာ ရွှေတိဂုံစေတီတော်ထိန်း ဂေါပကအဖွဲ့၏သြဝါဒါစရိယ ရွှေပြည်သာမြို့နယ်၊ရွှေပြည်သာပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ပါဠိပါရဂူ ဘဒ္ဒန္တ နာဂိတ အမှူးပြုသော  သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဉီးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်  တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။                         

ဉီးစွာ  ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ စုရပ်ပြုလုပ်၍ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များကို စေတီတော်ရင်ပြင်တွင် လက်ယာရစ် လှည့်လည်ပူ ဇော် ကြသည်။ ထို့နောက် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဆက်လက် ကျင်းပရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရွှေပြည်သာ မြို့နယ်၊ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ဆရာတော် ထံမှ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကိုးပါးသီလခံယူ ဆောက်တည် ကြသည်။                                                                       

ထို့နောက် ပွဲတော်ကျင်းပရေးကိစ္စနှင့်စပ်လျဉ်း၍ အလှည့်ကျသဘာပတိ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်  တစ်ဦးက ဗုဒ္ဓပူဇနိယမင်္ဂလာ အဖွင့်စကား ဖတ်ကြားလျှောက်ထားသည်။                                                       

ဆက်လက်၍  မြတ်ဗုဒ္ဓ၏သဗ္ဗညုတ ဉာဏ်ရောင်မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သောအားဖြင့် သြဝါဒါစရိယဆရာတော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဂေါပကအဖွဲ့၀င်များနှင့် ဧည့်သည်တော်များက ဆီမီး တန်ဆောင် ထွန်းညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ဖွင့်လှစ်ပေးကြသည်။        

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဂေါပကအဖွဲ့ တာ၀န်ရှိသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။ ထို့နောက် မဟာပဋ္ဌာန်းပစ္စယ နိဒ္ဒေသဒေသနာတော်များကို သြဝါဒါစရိယ ဆရာတော်ကြီးများ၊ဗဟိုမဏ္ဍပ်အတွင်းရှိ တက်ရောက်လာကြသူများ၊ အာရုံခံမုခ်ဦး (၄)ခုတွင် နေရာယူထားကြသော ပရိတ်သတ် အမျိုးလေးပါးတို့က ရွတ်ဖတ်ပူဇော်၍ ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာ ဃရစံအိမ်တော်အတွင်း အသင့်နေရာယူထားသော သံဃာတော်က မဟာပဋ္ဌာန်းဒေသနာတော်ကို အသံမစဲဆက်လက်ရွတ်ဖတ်ပူဇော်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက   သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။                                        

        ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်တွင် သံဃာတော် ၁၂၀ ပါးတို့က ယနေ့နံနက် ၉ နာရီမှ မတ် ၅ ရက် နံနက် ၉ နာရီအထိ ၉ ရက်တိုင်တိုင် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြမည် ဖြစ်ပြီး မတ်လ ၄ ရက် အဖိတ်နေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာ(၁၁၇)ပါး၊ သီလရှင်(၂၇)ပါးတို့အား  ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှစ၍ ရင်ပြင်တော်ပေါ် လက်ယာရစ်တပတ် ဆွမ်းဆန်တော်လောင်းလှူခြင်း၊ မတ်(၅) ရက် တပေါင်းလပြည့်နေ့ နံနက်(၅)နာရီခွဲတွင် ရင်ပြင်တော်အောင်မြေ၌ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်း၍ နံနက်(၉)နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ပိတ်ပွွဲ(အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနား ကျင်းပခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရဟန်းရှင်လူပြည်သူများမှ အနုမောဒနာ ပြုနိုင်ကြရန်နှင့် ပါ၀င်လှူဒါန်းကုသိုလ် ပြုနိုင်ကြရန် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က နှိုးဆော်ထားကြောင်း သတင်းရရှိသည်။