ကံကောင်းခြင်းကိုပိုင်ဆိုင်ကာတည်ရှိနေသောမြို့

ကံကောင်းခြင်းကိုပိုင်ဆိုင်ကာတည်ရှိနေသောမြို့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီ မြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၁၀/၂၀၂၃) ဖြင့် ကံပိုင်တည် မြို့အဖြစ်အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကန်ပိုက်တီမြို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်မြို့တစ်မြို့ဖြစ်သည်။ ယခင်ကထိုမြို့ကို တရုတ်ဘာသာစကားဖြင့် ကန်းပိုင်တီ ဟူ၍ ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။

ကန်းပိုင်တီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အားလေ့လာကြည့်သောအခါ ကန်း=ခြောက်သွေ့ခြင်း၊ ပိုင်=ပျက်စီးခြင်း၊ တီ=နေရာဟူ၍ ဖြစ်ကြောင်း သိရှိရသည်။ အတိတ်ကောင်း၊ နိမိတ်ကောင်းသဘောမဆောင်၊ ကောင်းသောအဓိပ္ပာယ် မဟုတ်သည့်အတွက် မြန်မာဘာသာဖြင့် ကံပိုင်တည် ဟူ၍ပြောင်းလဲပြင်ဆင် သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။ ကံ=ကံကောင်းခြင်း၊ ပိုင်=ပြည်ထောင်စုကပိုင်ဆိုင်ခြင်း၊ တည်=တည်ငြိမ်ခြင်း၊ တည်တံ့ခြင်း၊ တည်ရှိခြင်း ဟူသော ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသောအမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကိုလေးလေးနက်နက်ယုံကြည်ကိုးကွယ်သော နိုင်ငံဖြစ်သည့်အလျောက် ကောင်းမှုကိုမြတ်နိုးခြင်း၊ ကောင်းအောင်ကြိုးစားလုပ်ကိုင်ခြင်း၊ ကောင်းသောစိတ်ထားဖြင့် အရာရာတွင် ဆောင်ရွက်ခြင်းတို့ကိုသာ ပြုမူဆောင်ရွက်လျက်ရှိသည်။ အတိတ်ကောင်း၊ နိမိတ်ကောင်းကို စွဲမြဲယုံကြည်လက်ခံသည်မှာ ရှေးအစဉ်အလာတစ်ရပ်ဖြစ်သည်။ ထိုရှေးအစဉ်အလာမှာလည်း တိုင်းသူပြည်သားလူအများ၏ ကောင်းကျိုးအတွက်သာ ရည်ရွယ်ခြင်းဖြစ်သည်။

လူသားမှန်သမျှသည် မိမိတို့နေထိုင်သောအရပ်ဒေသကို ကောင်းမွန်သောဒေသဖြစ်စေလိုသည်။ ကောင်းမွန်သော ဒေသတွင် နေထိုင်လိုကြသည်။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူသော (၃၈) ဖြာ မင်္ဂလာတရားတော်တွင် ပတိရူပဒေသဝါသောစ- သင့်လျော်သောအရပ်ဒေသ၌နေရခြင်းကို မင်္ဂလာဟုဟောကြားတော်မူသည်။

သင့်လျော်သောအရပ်ဆိုသည်မှာ ကုသိုလ်၊ ဥစ္စာ၊ ပညာရရှိနိုင်သောအရပ်ဒေသဖြစ်ပြီး ကျန်းမာရေး အဆင်ပြေသည့ ်နေရာဒေသမျိုးကိုဆိုလိုသည်။ ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နိုင်ခြင်း၊ ပညာသင်စရာကျောင်းနှင့် ဆရာများရှိခြင်း၊ ပစ္စည်းဥစ္စာရှာဖွေရန်အတွက် အရောင်းအဝယ်ကောင်းသည့် ဈေးရှိခြင်း၊ ဆေးရုံ၊ ဆေးခန်းနှင့်ဆရာဝန်၊ သူနာပြုများရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ စိုက်ပျိုးမွေးမြူရေး စသည့် စားရေရိက္ခာဖြည့်ဆည်းသည့် လုပ်ငန်းများရှိခြင်း စသည်တို့မှာ ပတိရူပ အရပ်ဒေသဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်ကိုဦးဆောင်လျက်ရှိရာတွင် ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကိုလည်း ဦးတည်ချက်တစ်ရပ် သတ်မှတ်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာတို့၏ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ကံပိုင်တည် အမည်ပြောင်းလဲပေးခြင်းမှာလည်း ထိုမြို့နေပြည်သူလူထုများ၊ မြို့မိမြို့ဖများ၏သဘောထားကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်သည်။

ကံပိုင်တည်မြို့သည် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း တည်ရှိသည့်အတွက် မကြာမီကာလတွင် ပြည်ထောင်စု၏ ဖွံ့ဖြိုးတိုးတက်သော နယ်စပ်မြို့အဖြစ် တွေ့မြင်ကြရတော့မည်ဖြစ်သည်။ ကံပိုင်တည်သည် ယခင်က ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ဝေါ့ချုံးကျေးရွာအုပ်စုအတွင်းပါဝင်သော ကျေးရွာငယ်တစ်ခုဖြစ်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ကန်ပိုက်တီမြို့နယ်ခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါမြို့နယ်ခွဲတွင် မြို့တစ်မြို့၊ ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စု သုံးအုပ်စု၊ ကျေးရွာ ၃၀ တို့ပါဝင်ခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၅၁ တွင် ကျေးရွာများကိုကျေးရွာအုပ်စုအဖြစ် စုစည်းသည်။ ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ်စုစည်းသည်။ ကျေးရွာအုပ်စုနှင့်ရပ်ကွက် များ သို့မဟုတ် မြို့များကို မြို့နယ်အဖြစ်စုစည်းသည်...ဟူသောပြဋ္ဌာန်းချက်နှင့်အညီဖြစ်စေရန် မြို့နယ်ခွဲ စကားရပ်အားပယ်ဖျက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ် မေ ၂၂ ရက်တွင် မြို့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် ကန်ပိုက်တီမြို့ အဖြစ်တည်ရှိလာခဲ့ခြင်း ဖြစ်သည်။

ယခုအခါ  ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဋ္ဌက  မြို့နေပြည်သူလူထု၊ မြို့မိမြို့ဖများ၏ ဆန္ဒနှင့်အညီ  ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ သဘောထားထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ တင်ပြခဲ့မှုအပေါ် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ကာ ကံပိုင်တည် မြို့အဖြစ်အမည်ပြောင်းလဲပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ကံပိုင်တည်မြို့သည် ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၆၅၃၄ ပေတွင်တည်ရှိကာ မြို့ဧရိယာမှာ ၂၀၈ ဒသမ ၅၉ စတုရန်းမိုင်ကျယ်ဝန်းကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် ကံကောင်းခြင်းကို ပိုင်ဆိုင်၍  ပြည်ထောင်စု၏ ဖွံ့ဖြိုးတိုးတက်သော နယ်စပ်မြို့ဖြစ်ပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။