ဆုံးရှုံးမှုများစွာကိုဖြစ်ပေါ်စေပြီး ကမ္ဘာ့နိုင်ငံများကြားသတိထားစရာဖြစ်လာသည့် တောမီးလောင်ကျွမ်းမှုများ

ဆုံးရှုံးမှုများစွာကိုဖြစ်ပေါ်စေပြီး ကမ္ဘာ့နိုင်ငံများကြားသတိထားစရာဖြစ်လာသည့် တောမီးလောင်ကျွမ်းမှုများ

ကမ္ဘာ့နိုင်ငံအများအပြားတွင် မကြာမီနှစ်များအတွင်းဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုများသည် ရှုပ်ထွေးလှသည့်ဖြစ်စဉ်များဖြစ်ပါသည်။

တောမီးလောင်ကျွမ်းမှုတွင် ရာသီဥတုပြောင်းလဲမှု၊ ရာသီဥတုပူပြင်းလွန်းခြင်း၊ သစ်တောမြေအသုံးပြုမှုနှင့် မြို့ပြအဖြစ် အသွင်ပြောင်းလဲမှုစသည့် အကြောင်းရင်းများ ပါဝင်လျက်ရှိသည်။

လက်ရှိ ကမ္ဘာ့နိုင်ငံအများအပြားတွင်ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများသည် လွန်ခဲ့သည့် ၁၉၅၂ ခုနှစ်၊ ၁၉၇၂ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တို့အတွင်း ဖြစ်ပွားခဲ့သည့် တောမီးများနှင့်မတူပေ။ ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်မြင့်တက်လာရာမှ  တောမီးလောင်ကျွမ်းမှုများသည် ယခင်ကထက် ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်လာလျက်ရှိသည်ကို တွေ့ရသည်။

တောမီးလောင်ကျွမ်းမှုမှထွက်ပေါ်လာသည့်မီးခိုးများသည် အနီးအနားဒေသရှိပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း၌  ဥရောပနိုင်ငံများတွင်ဖြစ်ပွားသည့် တောမီးလောင်ကျွမ်းမှုကြောင့် အကျယ်အဝန်းအားဖြင့် မြေဧက ၂ ဒသမ ၀၇ သန်းမှ ၂ ဒသမ ၁၇ သန်း မီးလောင်ပျက်စီးခဲ့သည်ဟု ဥရောပတောမီးလောင်ကျွမ်းမှုဆိုင်ရာ သတင်းထုတ်ပြန်ရေးစနစ် (EFFIS) ကထုတ်ပြန်ထားသည်။  ထို့ပြင် တောမီးလောင်ကျွမ်းမှုဖြစ်စဉ်များအတွင်း ဒေါ်လာသန်းနှင့်ချီ၍ ဆုံးရှုံးမှုများကိုပါ ဖြစ်ပေါ်စေခဲ့သည်။

ဥရောပအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လလယ်အတွင်းကဖြစ်ပွားသည့်  တောမီးလောင်ကျွမ်းမှုများကြောင့် ပြည်သူ ၃၉၀၀၀ ကျော်ကိုဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ တောမီးလောင်ကျွမ်းမှုသည် ကမ္ဘာလှည့်ခရီးသွားများအား အဓိကဆွဲဆောင်ရာဒေသတစ်ခုဖြစ်သည့် ဂီရောဒီဒေသရှိမြေဧကပေါင်း ၅၁၀၀၀ ကျော်ကို ပျက်စီးစေခဲ့သည်။ တောမီးလောင်ကျွမ်းမှုအတွင်း အရပ်သားများထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း မီးငြှိမ်းသတ်ရန်ကြိုးပမ်းခဲ့သည့် မီးသတ်သမားများကြားတွင် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့သည်။ ဂီရောဒီဒေသတွင်ဖြစ်ပွားသည့် တောမီးလောင်ကျွမ်းမှုအားငြှိမ်းသတ်နိုင်ရန်အတွက်  အာဏာပိုင်အဖွဲ့က မီးသတ်သမားပေါင်း ၄၂၀၀ ခန့်ကိုအသုံးပြုခဲ့ရသည်။

အလားတူပင်  ခရိုအေးရှားနိုင်ငံတွင်လည်း ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တောမီးလောင်ကျွမ်းမှုများကြောင့် လူနေအိမ်အလုံး ၃၀ ခန့် ပျက်စီးခဲ့ရသည်။ အချို့တောမီးများမှာ ရက်အနည်းငယ်ကြာအချိန်ယူ၍ ငြှိမ်းသတ်ခဲ့ရသည်။ ခရိုအေးရှားနိုင်ငံတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ၂၀ ရက်အထိ တောမီးအကြိမ်ပေါင်း ၁၅၀ ခန့်လောင်ကျွမ်းခဲ့ရသည်။ အဓိကအကြောင်းရင်းမှာ ရာသီဥတုပြောင်းလဲလာမှုနှင့် အပူချိန်မြင့်တက်မှုကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများကပြောသည်။

တောမီးလောင်ကျွမ်းမှုဒဏ်ကို အဆိုးရွားဆုံးကြုံတွေ့ခဲ့ရသည့်နိုင်ငံမှာ ပေါ်တူဂီနိုင်ငံဖြစ်သည်။ ယင်းနိုင်ငံ အတွင်းရှိ လယ်ရီယာနှင့်ဆမ်တာရန်ဒေသများတွင် ပြီးခဲ့သည့်နှစ်အတွင်းက ပြင်းထန်ဆိုးရွားသည့် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားရာ မြေဧကပေါင်း ၇၄၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ပြည်သူ ၁၃၅ ဦးခန့်ဒဏ်ရာရရှိခဲ့သည်။ အာဏာပိုင်များသည်တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရန်အတွက် မီးသတ်လေယာဉ်တစ်စင်းကိုပင် အသုံးပြုခဲ့ရသည်ဟုဆိုသည်။

EFFIS သည် ဥရောပဒေသရှိနိုင်ငံများအပြင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့်မက္ကဆီကို စသည့်နိုင်ငံများတွင် ဖြစ်ပွားသည့် တောမီးလောင်ကျွမ်းမှုများကိုပါ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင်ပြီးခဲ့သည့် နှစ်အတွင်းကဖြစ်ပွားခဲ့သော တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံထောင်ပေါင်းများစွာမှာ  နေအိမ်များကိုစွန့်ခွာ၍   ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ အမေရိကန်တွင် အပူချိန်သည် စံချိန်တင်မြင့်တက်လာခဲ့ပြီးနောက် အထူးသဖြင့် ကယ်လီဖိုးနီးယားပြည်နယ်တွင် မီးလောင်ကျွမ်းမှုကြီးများဖြစ်ပွားခဲ့သည်။ မြင့်တက်လာခဲ့သည့်အပူချိန်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ယင်းပြည်နယ်အတွင်းရှိ ဒေသအများအပြားတွင် အပူချိန်မှာ ဆက်လက်မြင့်တက်လာမည့် အလားအလာရှိရာ တောမီးလောင်ကျွမ်းမှုများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံအများအပြားက စိုးရိမ်ခဲ့ကြရသည်။

ထို့ပြင် ကယ်လီဖိုးနီးယားပြည်နယ် အတွင်းဖြစ်ပွားသည့် ယို့မိုက်တောမီးလောင်ကျွမ်းမှုသည် ၂၄ နာရီအတွင်းမှာပင် မြေယာ ၆၀၀ ဧကမှ ၉၅၀၀ ဧက အထိ လောင်ကျွမ်းစေခဲ့သည်။ တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံ ၆၀၀၀ ကျော်အား အာဏာပိုင်များက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

ကယ်လီဖိုးနီးယားပြည်နယ်နှင့် အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းရှိအချို့ဒေသများသည် မကြာမီ နှစ်များမှစ၍ မိုးခေါင်မှုနှင့်ရာသီဥတုပြောင်းလဲမှုတို့ကြောင့် တောမီးလောင်ကျွမ်းမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ထို့ပြင် ကမ္ဘာကြီးပူနွေးလာခြင်း၏ အရိပ်အယောင်များကိုလည်း နိုင်ငံ၏ အခြားဒေသများတွင်လည်း  တွေ့မြင်လာရပြီဖြစ်သည်။  ထို့ကြောင့်ပြည်နယ်အများအပြားတွင် အပူချိန်မြင့်တက်လာနိုင်သည်ဟု အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်ကို တွေ့ရသည်။

အမေရိကန်အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင်လည်း အပူချိန်အလွန်အမင်း မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရပြီး လာမည့်ရက်ပိုင်းတွင် အပူချိန်သည်အမြင့်ဆုံး အဆင့်သို့ ရောက်ရှိလာနိုင်သည်ဟု အာဏာပိုင်များကခန့်မှန်းထားခဲ့သည်။ နိုင်ငံအလယ်ပိုင်းရှိ ဒဲလက်စ်နှင့် အိုကလာဟိုးမားမြို့ကြီးများတွင် လာမည့်ရက်ပိုင်းအတွင်း အပူချိန်သည် ၃၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ဖွယ်ရှိသည်။  ထို့ပြင် ဘော့စတွန်မြို့၊ ဖီလာဒဲဖီးယားနှင့် ဝါရှင်တန်မြို့တို့တွင်လည်း  အပူချိန်မြင့်တက်မှုနှင့်စပ်လျဉ်း၍ အာဏာပိုင်အဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

အလားတူပင် အာရှဒေသရှိနိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် မကြာမီကာလအတွင်း ပိုမိုခြောက်သွေ့သည့် ရာသီဥတုနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း အစိုးရအဖွဲ့က နိုင်ငံအတွင်းရှိ လယ်သမားများအား သတိပေးထားသည်ကိုတွေ့ရသည်။   ရာသီဥတုပူပြင်းခြောက်သွေ့မှုသည်အထူးသဖြင့် ဆူမားတြားနှင့် ကာလီမန်တန်ဒေသများတွင် ပိုမိုဖြစ်ပွားလာနိုင်သောကြောင့် ယင်းဒေသများအနေဖြင့် အထူးဂရုစိုက်ကြရန် အင်ဒိုနီးရှားအစိုးရကသတိပေးထားခြင်းဖြစ်သည်။

နိုင်ငံအတွင်း၌မိုးရွာသွန်းမှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လျော့ကျလာပြီး နိုင်ငံအတွင်းရှိ ဒေသအချို့သည် ပူပြင်းခြောက်သွေ့မှုကို ပြီးခဲ့သည့်နှစ်မေလမှစက်တင်ဘာလအတွင်း စတင်ကြုံတွေ့ ခဲ့ရကြောင်း အင်ဒိုနီးရှားမိုးလေဝသဌာန အကြီးအကဲ ဒေါက်တာဒွီကိုရီတာကာနာဝါတီက ပြောကြားသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဆက်လက်ဖြစ်ပေါ်လာသည့် တောမီးလောင်ကျွမ်းမှုကို ကြိုတင်ကာကွယ်ထားရန် ကျွမ်းကျင်သူများက အကြံပြု တိုက်တွန်းထားခြင်း ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။                

Ref:ST