မှော်ဘီမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မှော်ဘီမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅

          ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ညောင်နှစ်ပင် ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့် ဒေသခံ ပြည်သူ ၁၂၅ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက် ၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

          အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဇီးတောကျေးရွာရှိ ဓမ္မာရုံ၌ သံဃာတော်များနှင့် ဒေသခံပြည်သူ ၆၅ ဦးတို့ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချို ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။