ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု

ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်)

    တပ်မတော်သည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ဆောင်ပေးလျက် ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။  ယနေ့ကာလတွင်မူ နိုင်ငံတစ်ဝန်းလုံးသို့ လှည့်လည်ကာ ကျန်းမာရေး စောင့်ရှောက်မှုပြုလျက် ရှိသည့်အပြင် ဝေးလံခေါင်ဖျား ဒေသများတွင်  နှစ်ရှည်လများ တာဝန်ယူ စောင့်ရှောက်ပေးမှုများ ဆောင်ရွက်လျက်ရှိသည်။  လူသားတိုင်းသည်  မွေးဖွားစမှ ကွယ်လွန်သည်အထိလိုအပ်သည်မှာ ကျန်းမာရေး စောင့်ရှောက်မှုဖြစ်သည်။   တပ်မတော်သည် ပြည်သူ့အတွက် ဆောင်ပုဒ်ကို ခေတ်အဆက်ဆက် လက်ကိုင်ထားကာ ပြည်သူ့အရေးကိုသာ ဦးစားပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏တာဝန်ကို ဦးဆောင်ခဲ့သည့်အချိန်မှစ၍ ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးကိုအလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ ကျန်းမာရေးနှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲ၏  လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဟူသော လမ်းညွှန်ချက်နှင့်အညီ တိုင်းရင်းသားပြည်သူများကို ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိသည်။   အဖျက်လုပ်ရပ်များ ပြုလုပ်ရန် မိုင်းထောင်စဉ်ဒဏ်ရာ အနာတရရသူကိုပင် အသက်ရှင်သန်ရေး ကုသပေးခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ပြင်းထန်စွာ ကျရောက်နေသည့်အချိန်တွင် ဆရာဝန်နှင့်သူနာပြု အချို့တာဝန်ကျနေရာကို အကြောင်းမဲ့ စွန့်ခွာသွားကြသည်။  လူနာများ ရောဂါပြင်းထန်နေသည်ကို သိလျက်နှင့် ဥပေက္ခာပြုသွားကြသည်။   ထိုနေရာများသို့ ဆေးဝန်ထမ်းတပ်ဖွဲ့ တပ်မတော်သားတို့ အချိန်နှင့်တစ်ပြေးညီ သွားရောက်ကုသပေးခဲ့ကြ၍ ပြည်သူတို့၏ အသက်ပေါင်းများစွာရှင်သန်ခဲ့သည်။

တပ်မတော်သားတို့၏ ယုံကြည်ချက်၊ ခံယူချက်၊ စွမ်းဆောင်ချက်များက ပြည်သူ့အတွက်သာဖြစ်သည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာကို  ကာကွယ်စောင့်ရှောက်ရန် မွန်မြတ်သည့်စိတ်ထားများ ထားရှိပြီးဖြစ်သည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်အနက် လူမှုရေး ဦးတည်ချက် တစ်ခုဖြစ်သည့် “နိုင်ငံ၏အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေး”ကိုအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ကျန်းမာရေး ကောင်းမွန်လာသည်နှင့်အမျှ   ပြည်သူများ၏ မျှော်မှန်းသက်တမ်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးကို တပ်မတော်က ထိထိရောက်ရောက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဤသို့ဆောင်ရွက်ပေးလျက် ရှိရာတွင် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည်   ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ  ၁၂ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။  တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ် (စကု)တို့ဖြင့် ၂၀၁၃ ခုနှစ်မှစတင်ကာ ကျန်းမာရေး စောင့်ရှောက်မှုပြုလျက် ရှိသည်မှာ ယခုခရီးစဉ်သည် (၁၇)ကြိမ်မြောက်ဖြစ်သည်။ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၂၆ ဦးတို့အားအောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့သည်။

တပ်မတော်သည် နိုင်ငံတစ်ဝန်းတွင်  ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်ပေးနိုင်ရန် အတွက် ရေလမ်းကြောင်းခရီး သာမက ကုန်းလမ်းကြောင်း ခရီးတွင်လည်း ကျန်းမာရေး စောင့်ရှောက်မှုပြုလျက်ရှိသည်။

ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့် အထူးကုသရေးအဖွဲ့သည်  မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာခဲ့သည်။ အဆိုပါအဖွဲ့တွင် ရွေ့လျားခွဲစိတ်ကုသယာဉ်၊ ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ်နှင့် ရွေ့လျားသွား ရောဂါခွဲစိတ်ကုသရေး ယာဉ်တို့ပါဝင်သည်။ ဒေသခံပြည်သူပေါင်း ၇၄၂၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးပြီး  ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ်တွင်  နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။  တပ်မတော်သည် ပြည်သူများကို  ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိရာတွင် တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ ဆေးဝန်ထမ်းတပ်ဖွဲ့များကလည်း တိုင်းစစ်ဌာနချုပ် နယ်မြေများတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည်။  အနှစ်ချုပ်ဆိုရသော်   တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးကဏ္ဍ အရှိန်အဟုန်မြှင့်တင်ရေးတွင်  စဉ်ဆက်မပြတ်   ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။   ။