အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ရုရှားစီးပွားရေးက ဒူပေနာပေ ခံနိုင်စွမ်းရှိဟု အမေရိကန်ဝန်ခံပြောကြား

အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ရုရှားစီးပွားရေးက ဒူပေနာပေ ခံနိုင်စွမ်းရှိဟု အမေရိကန်ဝန်ခံပြောကြား

    ရုရှားနိုင်ငံ၏စီးပွားရေးသည် ဒူပေနာပေ ခံနိုင်စွမ်းရှိသောကြောင့် နိုင်ငံအပေါ်တစ်ဖက်သတ်ချမှတ်ထားသည့် အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများသည် ရေတိုကာလတွင် အလုပ်မဖြစ်နိုင်ဘဲ အချိန်ယူရဖွယ်ရှိကြောင်း   အမေရိကန် အိမ်ဖြူတော်မှ အမျိုးသားလုံခြုံရေး ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကဝန်ခံပြောဆိုထားသည်။

လက်ရှိတွင် ရုရှားနိုင်ငံ၏ စီးပွားရေးသည် တစ်နည်းနည်းအားဖြင့် အနောက်နိုင်ငံများက ချမှတ်ထားသည့်ပိတ်ဆို့မှုများကို ခံနိုင်စွမ်း ရှိနေသောကြောင့်  ပိတ်ဆို့မှုများ အကျိုးသက်ရောက်မှုရှိစေရန်  အချိန်ယူရမည်ဖြစ်ကြောင်း  ဂျွန်ကာဘီက ဖေဖော်ဝါရီ၂၄  ရက်တွင်   ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်၌ ပြောကြားခြင်းဖြစ်သည်။ အမေရိကန်အစိုးရက ချမှတ်သည့်ပိတ်ဆု့ိမှုများသည်  ရုရှားနိုင်ငံသုံး ရူဘယ်ငွေကြေး၏    တန်ဖိုးကိုကျဆင်းစေမည်ဖြစ်ကြောင်း  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့သည့်နှစ်အတွင်း၌ ပိုလန်နိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ရှိနေသော်လည်း ရုရှားစီးပွားရေးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း၌  အနောက် နိုင်ငံများက ထင်မှတ်ထားသည့် ပမာဏထက်များစွာ လျော့ကျခဲ့သည်။ ထို့ပြင် ရုရှားစီးပွားရေး တိုးတက်မှုသည် ၂၀၂၃ ခုနှစ်တွင် အနောက်အင်အားကြီးနိုင်ငံများဖြစ်သည့် ဂျာမနီနှင့်ဗြိတိန်တို့၏ စီးပွားရေးတိုးတက်မှုကိုကျော်တက်မည်ဟု  နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)ကြီးက ထုတ်ပြန်သည့်ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ထို့ပြင် အနောက်အင်အားကြီးနိုင်ငံများမှ စီးပွားရေး လုပ်ငန်းများနှင့် ကုမ္ပဏီများသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ နိုဝင်ဘာလအတွင်း ရုရှားနိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ကြသော်လည်း ရုရှားနိုင်ငံနှင့် တရုတ်၊ အိန္ဒိယ၊ တူရကီ၊ အင်ဒိုနီးရှားစသည့်နိုင်ငံများနှင့်   လုပ်ဆောင်ခဲ့သည့် ကုန်သွယ်မှုပမာဏမှာ များစွာမြင့်တက်လာ ခဲ့ကြောင်း သိရသည်။