ဒေသတွင်းရှိ မည်သည့်အမေရိကန် စစ်အခြေစိုက်စခန်းကိုမဆို ပစ်ခတ်နိုင်သည့် အသံထက်မြန် ဒုံးကျည်ကို ထုတ်လုပ်ခဲ့ဟု အီရန်ထုတ်ပြန်

ဒေသတွင်းရှိ မည်သည့်အမေရိကန် စစ်အခြေစိုက်စခန်းကိုမဆို ပစ်ခတ်နိုင်သည့် အသံထက်မြန် ဒုံးကျည်ကို ထုတ်လုပ်ခဲ့ဟု အီရန်ထုတ်ပြန်

    အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တို့၏ မည်သည့်စစ်အခြေစိုက်စခန်းကို မဆို ပစ်ခတ်နိုင်သည့် တာဝေးပစ် အသံထက်မြန် ဒုံးကျည်တစ်စင်းကို  ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း  အီရန်စစ်ဘက်က ထုတ်ပြန်သည်။

အဆိုပါခရုစ်ဒုံးကျည်သည် အကွာအဝေး ၁၉၅၀ ကီလိုမီတာ(၁၀၂၅ မိုင်)အထိ ပစ်ခတ်နိုင်စွမ်းရှိကြောင်း  အစ္စလာမ်မစ်အစောင့်တပ်၏ လေတပ်ဖွဲ့မှ တပ်မှူး အမီယာအလီဟာဂျီဇာဒေးက ဖေဖော်ဝါရီ  ၂၄ ရက်တွင် ပြောကြားထားပြီး အီရန်အနေဖြင့်  အီရန်တပ်မှူးတစ်ဦးအား အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း အပေါ် လက်စားချေမည်ဟု ၎င်းက မကြာခဏခြိမ်းခြောက် ပြောဆိုထားသည်။ အီရန်အနေဖြင့် ယခုထုတ်လုပ်လိုက်သည့် အသံထက်မြန် ခရုစ်ဒုံးကျည်ကို အသုံးပြုမည်ဆိုပါက အမေရိကန်လေယာဉ်တင် သင်္ဘောများကိုပင်   ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်းရှိပြီဖြစ်ကြောင်း    ၎င်းက ဆက်လက်ပြောကြားသည်။

အီရန်က အသံထက်မြန်ဒုံးကျည်ကို ထုတ်လုပ်ခြင်းသည် ပထမဆုံး အကြိမ်မဟုတ်ဘဲ ယင်းနိုင်ငံအစိုးရသည် နိုင်ငံ၏ ပထမဆုံးသော အသံထက်မြန်ပဲ့ထိန်း ဒုံးကျည်တစ်စင်းကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း   ထုတ်ဖော် ပြောကြားထားသည်။

အီရန်၏ဒုံးကျည်အစီအစဉ်သည်  ခုခံကာကွယ်ရေး အတွက်သာ ရည်ရွယ်ထားခြင်းဖြစ်ပြီး နိုင်ငံ၏လုံခြုံရေး လိုအပ်ချက်များကို ပြည့်မီစေရန် အတွက်သာဖြစ်ကြောင်း အမီယာအလီဟာဂျီဇာဒေးက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။