တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာ

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

        တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနမှ နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ် ဆိပ်ခံတံတား(သီလဝါ)မှ ထွက်ခွာရာ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ် ထိန်ဝင်း၊ တပ်မတော် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးချုပ် ကျော်ဇေယျ၊ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်မိသားစုများနှင့် ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း ဦးဆောင် သော ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

        အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တွင်တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုစစ်သည်များနှင့် သူနာပြုရဲမေများ လိုက်ပါ၍ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှု ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ECG စက်၊ X-Ray စက်၊ ဓာတ်မှန်ရိုက်စက်များဖြင့် ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။