ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကျင်းပ

ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယ‌နေ့ညပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

အဆိုပါ ဧည့်ခံပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသော ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump ၊(ကြည်း၊ရေ၊လေ) စစ်သံမှူးများနှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်း အနားကိုစတင်ဖွင့်လှစ်ပြီး သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်မှတ်တမ်း Video ကိုပြသပြီး သံအမတ်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံနှင့် စစ်သံမှူး တို့သည် ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ်ကိတ်အား လှီးဖြတ်ပေးကြကာ အခမ်းအနားတက်ရောက်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

ယင်းနောက် သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးတို့က အခမ်းအနားတက်ရောက်လာသူများအား  ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။