မကွေးတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်/ခဲယမ်းများနှင့်အတူ တရားခံများ ဖမ်းဆီးရမိ

 မကွေးတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်/ခဲယမ်းများနှင့်အတူ တရားခံများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၇ ရက်

              နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG  နှင့် PDF အမည်ခံ အကြမ်းဖက်အုပ်စုများသည်  ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူ များကိုသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများအား ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။ ထို့အပြင် CRPH နှင့် NUG တို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ချိတ်ဆက်၍ လက်နက်/ခဲယမ်းများ ဝယ်ယူကာ PDF အမည်ခံ အကြမ်းဖက်သမားများအား ထောက်ပံ့၍ အပြစ်မဲ့ပြည်သူများအပေါ် ခြိမ်းခြောက်ခြင်း၊ လူသတ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

              နိုင်ငံတော်အစိုးရအနေဖြင့် လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်နှင့် အကြမ်းဖက်မှုလုပ်ရပ်များကိုမလိုလားသည့် ဒေသခံတိုင်းရင်းသားပြည်သူ များကလည်း အကြမ်းဖက်သမားများ၏ သတင်းများအား  လျှို့ဝှက်ပေးပို့လျက်ရှိ ပါသည်။ သို့ဖြစ်၍ တာဝန်သိပြည်သူများ၏ လျှို့ဝှက်စွာသတင်းပေးပို့မှုများအား ဆက်စပ် သတင်းဖော်ထုတ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းတွင် သထုံမြို့၊ ကော့ကရိတ်-သထုံကားလမ်း၊ သထုံမြို့အထွက် ကားဂိတ်၌ ကျိုက်ထိုမြို့ ဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ YGN/RLG-2396 ပရာဒိုယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်မောင်း ဝင်းဇော် နှင့် ဇော်လွင်ဦး(ခ) ဥူးတေဇောဘာသ တို့အား  MK-12 သေနတ် ၂ လက်၊ M-4ကာဘိုင် ၂ လက်၊ M-16 သေနတ် ၁ လက်၊ ပွိုင့်-၃၈၀ ရိုင်ဖယ် ၁  လက်၊ AK-47 သေနတ် ၁ လက်၊  Glock ပစ္စတို ၁၀ လက်၊ Sigsauer ပစ္စတို ၃ လက်၊ ကျည်မျိုးစုံ ၃၉၈၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၄၆ ခု၊ ရီမုခလုတ် ၄၉ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

              ဖြစ်စဉ်တွင် တရားခံ ကျား ၂ ဦးနှင့်အတူ လက်နက်ငယ်မျိုးစုံ ၂၀ လက်၊ ကျည်မျိုးစုံ ၃၉၈၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၄၆ ခု၊ ရီမုခလုတ် ၄၉ ခု တို့အား သိမ်းဆည်းရမိခဲ့သည်။

              ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ဝင်းဇော် နှင့်  ဇော်လွင်ဦး(ခ) ဉူးတေဇောဘာသ တို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ မတ်လခန့်တွင် KNLA တပ်မဟာ(၆)လှုပ်ရှားနယ်မြေ လေးကေ့ကော်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းအား  ၁ လခန့် တက်ရောက်ခဲ့ကြောင်း၊  အကြမ်းဖက်သင်တန်းတက်ရောက်စဉ် ရင်းနှီးခဲ့သည့် ဖမ်းဆီးရန်ကျန်တရားခံ ဆရာမိုး၊ မြဝတီမြို့နေသူ၏ ချိတ်ဆက်ပေးမှုဖြင့် အကြမ်းဖက် CRPH နှင့် NUG မှ KNLA တပ်မဟာ(၆)ထံမှ ဝယ်ယူခဲ့သည့် လက်နက်/ ခဲယမ်းများအား မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသည့်   မြိုင် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ ရဲသော်တာ(ခ)ကျောက်တိုင်ဗိုလ်လင်္ကျာနှင့် မြိုင်ကြီး(ခ)ယက္ခ တို့ထံသို့ အခကြေးငွေ ရယူ၍ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

              ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လက်နက်/ခဲယမ်းများအား မွေ့ယာ၊ မြက်ဖျာများ၊ အဝတ်အစားဘေထုပ်အိတ်များနှင့်  မုန့်ပုံးများအတွင်း၌ ထည့်သွင်း သိုဝှက်၍ ခရီးသည်တင်ကားများဖြင့် ပို့ဆောင်ခြင်း၊  လိုင်စင်မဲ့မော်တော်ယာဉ်များအား သာသနာပိုင်ယာဉ်၊ လူမှုကယ်ဆယ်ရေးယာဉ် နံပါတ်ပြားများ တပ်ဆင်၍ ပုံမှားရိုက် ခရီးသွားဟန်လွဲ ပြုလုပ်ပို့ဆောင်ခြင်း၊   ယာဉ်အောက် ကြမ်းခင်းများအတွင်း အံဝှက်များ ပြုလုပ်၍ ထည့်သွင်းပို့ဆောင်ကာ လမ်းကြောင်းတစ်လျှောက် အဆင့်ဆင့်လက်ပြောင်း လက်လွှဲပြုလုပ်၍လျှို့ဝှက်စွာ သယ်ဆောင်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဦးမှုသတင်းရယူကာ စနစ်တကျပိတ်ဆို့ရှာဖွေစစ်ဆေးမှုများကြောင့် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။

              သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုလုပ်ငန်း ဆောင်ရွက် နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ် တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။