နိုင်ငံ့အရေးနှင့် နိုင်ငံ့စီးပွားရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်)

နိုင်ငံ့အရေးနှင့် နိုင်ငံ့စီးပွားရေး

စားရေရိက္ခာဖူလုံရေးအတွက် အဓိကဆောင်ရွက်နိုင်သည်မှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းကို အားပေးမြှင့်တင်ခြင်းပင်ဖြစ်သည်။ နှစ်ကာလရှည်လျားစွာ မြန်မာနိုင်ငံတွင်နေထိုင်လျက်ရှိကြသော တိုင်းရင်းသားအပေါင်းတို့အား သဘာဝကပေးထားသော စိုက်ပျိုးမြေများ၊ မွေးမြူရေးအတွက် မြစ်ချောင်းအင်းအိုင်များ၊ ရာသီဥတုကိုမျှတစေသော တောတောင်များ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာချို့တဲ့မှုလုံးဝမရှိခဲ့ခြင်းမှာ အခြားသောနိုင်ငံများထက် သာလွန်သောအချက်ဖြစ်သည်။ ယနေ့ကာလလို ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးတက်မှုမရှိခဲ့သေးသည့် ရှေးယခင်ကာလများစွာကတည်းက မြန်မာ တို့သည် အလှူဒါနကုသိုလ်ကောင်းမှုတို့ဖြင့် စိတ်ချမ်းသာနေထိုင်နိုင်သူများဖြစ်သည်။

နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း သဘာဝတွင်းထွက် ရတနာကျောက်သံပတ္တမြားတို့မှာလည်း ပေါကြွယ်ဝသည့်အပြင် စိတ်ချမ်းမြေ့ ဖွယ်ကောင်းသည့် ဘာသာတရားကို ပိုင်ဆိုင်ထားသည့်အတွက် မြန်မာနိုင်ငံကိုရောက်ဖူးသူတိုင်းက နှစ်သက်သဘောကျသည်။ ထို့ကြောင့် တစ်ချိန်သောအခါက မြန်မာနိုင်ငံထက် အင်အားသာလွန်သောနိုင်ငံမှ မြန်မာနိုင်ငံကိုဗိုလ်ကျစိုးမိုးခဲ့ခြင်းဖြစ်သည်။ သမိုင်းတွင် နာကြည်းဖွယ်ကောင်းလှသည့် နှစ်ပေါင်းတစ်ရာကျော်အတွင်း မြန်မာတို့တိုးတက်ကောင်းမွန်ရေးအတွက် ပြစရာကောင်း ကွက်မရှိသော်လည်း ယင်းတို့၏ဖျက်ဆီးမှုကြောင့် ဆိုးကွက်များ၊ အမည်းကွက်များမှာ ယနေ့တိုင်စွန်းထင်းကျန်လျက်ရှိသည်။

ယနေ့ကာလတွင် အဆိုပါနိုင်ငံများကပင် မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေပြီး မြန်မာနိုင်ငံပျက်စီးရေးကို ကြိုးပမ်း နေပြန်သည်။ စီးပွားရေးပိတ်ဆို့မှုကို အကြောင်းအရာခေါင်းစဉ်အမျိုး မျိုးတပ်ကာ လုပ်ဆောင်နေသည်မှာ မြန်မာနိုင်ငံသားတို့ အတွက် ဆိုးကျိုးကိုသာဖြစ်နေမှန်းသိပါလျက် ထိုနည်းဟောင်းကိုပင် ကျင့်သုံးနေသည်။ ၁၉၉၆ ခုနှစ်က မြန်မာနိုင်ငံတွင် နိုင်ငံတကာ ခရီးသွားနှစ်အဖြစ် သတ်မှတ်ပြီး ခရီးသွားများကို ဖိတ်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခြင်းမပြုရန် အဆိုပါနိုင်ငံများ ကပိတ်ပင်သည်။ ပြည်တွင်းရှိ မျိုးချစ်စိတ်ဓာတ်မရှိသူ၊ အမျိုးမစစ်သူအချို့က အားပေးထောက်ခံခဲ့သည်။ ထိုအချိန်ကတည်းက စီးပွားရေးပိတ်ဆို့မှု လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံအပေါ်စီးပွားရေး ပိတ်ဆို့မှုလုပ်ဆောင်ခြင်းမှာ အောင်မြင်မှုမရှိသော လုပ်ရပ်ပင်ဖြစ်သည်။ စီးပွားရေးပိတ်ဆို့မှုကြားမှပင် မြန်မာတို့သည် မိမိနိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။ ယနေ့နိုင်ငံအနှံ့အပြားရှိ တက္ကသိုလ်များ၊ လမ်းတံတား ကြီးများ၊ ဆည်မြောင်းတာတမံကြီးများ၊ နေပြည်တော်မြို့တော်အပါအဝင် မြို့သစ်များမှာ အဆိုပါစီးပွားရေး ပိတ်ဆို့မှုကြားမှ တည်ဆောက်ထားသည့် အရာများဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အတွက် ကျစ်လျစ်ခိုင်မာစနစ်ကျသော အဖွဲ့အစည်း ဖြစ်ပေရာ နိုင်ငံ့တာဝန်များကို ဦးဆောင်ထမ်းရွက်ရသည့်အခါတိုင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်၊ တည်ငြိမ်အေးချမ်းအောင်၊ သာယာမှုရှိအောင် စွမ်းဆောင်ပေးလျက်ရှိသည်။

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဦးဆောင်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်ချမှတ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ စွမ်းအားပြည့်ဝ စေရေးကိုအလေးထားလျက်ရှိသည်။ စီးပွားရေးမောင်းနှင်အား ရှင်သန်ထက်မြက်စေရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက်ရေးကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး တို့အတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက် ရှိရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးလျက်ရှိသည်။ ထိုသို့အားပေးခြင်းဖြင့် နိုင်ငံတော်တွင် ထုတ်ကုန်များစွာ ထုတ်လုပ်နိုင် သည့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်။ မြန်မာနိုင်ငံသားများ ပြည်ပသို့သွားရောက် လုပ်ကိုင်မှုလျော့လာမည်။ ပြည်တွင်း လုပ်ငန်းများကို တိုးတက်အောင်ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပသို့ ပို့ကုန်များ ပိုမိုတင်ပို့နိုင်မည်။ ပြည်ပမှ တင်သွင်းနေရမှုများ လျော့နည်းလာမည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ကုန်ပစ္စည်းများကို နိုင်ငံတကာသို့ တင်ပို့နိုင်သည်အထိ အောင်မြင်လာမည်ဖြစ်သည်။

လူဆိုသည်မှာ ကြိုးစားနေကြရသူများဖြစ်သည်။ မိမိလုပ်ငန်းအောင်မြင်ရေးအတွက် မိမိတို့ကိုယ်တိုင်က ကြိုးစားနေကြရမည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့သည် လူသားတိုင်းအသက်ရှင်နေထိုင် ရေးအတွက် အရေးကြီးလှပေရာ မြန်မာနိုင်ငံအနေဖြင့် ထိုလုပ်ငန်းများကိုကြိုးစားလုပ်ဆောင်နေခြင်းဖြင့် မည်သည့်နိုင်ငံက မည်သို့ပင်နှောင့်ယှက်မှုပြုပါစေ မြန်မာနိုင်ငံသားတို့ စားရေ ရိက္ခာ ပြည့်ဝနေသည်မှာ ရာနှုန်းပြည့် သေချာသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ မိမိတို့နိုင်ငံ သားတိုင်းက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့်  မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။   ။