မိုင်းဖြတ်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မိုင်းဖြတ်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

          တပ်မတော်အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးမြှင့်တင်မှုကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေး အဖွဲ့များက မြို့နယ်၊ ကျေးရွာများအထိ သွားရောက်၍ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူမျိုး၊ ဘာသာ၊ အချိန်၊ နေရာမရွေး ဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၇ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၆ ရွာတို့မှ ဒေသခံတိုင်းရင်းသားပြည်သူ ၁၆၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့နယ်၊ မရမ်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၃၁၉ ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဟိုလိမ့် ကျေးရွာရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၈၆ ဦးတို့ကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ် အသီးသီးရှိ နယ်မြေခံဆေးကုသ ရေးအဖွဲ့များက ကျေးရွာဘုန်းတော်ကြီး ကျောင်းများနှင့် ကျေးလက်ဆေးပေးခန်းများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးကြသည်။

          နယ်မြေခံဆေးကုသရေး အဖွဲ့များက သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောဆိုင်ရာ ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊  သွေးတိုး ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး ဆောင်ရွက်ပေးကြသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။