၂၀၂၂ ခုနှစ်အတွင်း ဂုဏ်ထူးဆောင် တံဆိပ်ရရှိသည့် ပုဂ္ဂိုလ်များအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

၂၀၂၂ ခုနှစ်အတွင်း ဂုဏ်ထူးဆောင် တံဆိပ်ရရှိသည့် ပုဂ္ဂိုလ်များအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

          ၂၀၂၂ ခုနှစ်အတွင်း ဂုဏ်ထူးဆောင်တံဆိပ်ရရှိသည့် ပုဂ္ဂိုလ်များအား မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊  မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ၂၀၂၂ ခုနှစ်အတွင်း ဂုဏ်ထူးဆောင်တံဆိပ်ရရှိသည့် ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ၂၀၂၂ ခုနှစ်အတွင်း ဂုဏ်ထူး ဆောင်တံဆိပ်ရရှိသည့် ပုဂ္ဂိုလ်များအား ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပေးအပ်သည့် ထပ်ဆင့်ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ကြသည်။

          ယင်းနောက် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာလအတွင်း မန္တလေးမြို့ပေါ်ရှိ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရသော ပြည်သူလူထုအား စွမ်းစွမ်းတမံ ကူညီစောင့်ရှောက်ပေးခဲ့ကြသည့် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြရာ ပြည်သူ့ ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်ပုံငွေရှာဖွေရေး ကော်မတီဉက္ကဋ္ဌ က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်တံဆိပ် ရရှိကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ပြည်သူ့ ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု  ရန်ပုံငွေရှာဖွေရေး ကော်မတီ၏ ဆောင်ရွက်ချက်မှတ်တမ်းဗွီဒီယိုကို ကြည့်ရှု အားပေးကြသည်။ အဆိုပါ အခမ်းအနားတွင် လူမှုထူးချွန် ပထမဆင့် ရရှိသူ ၁ ဦး၊ လူမှုထူးချွန် ဒုတိယဆင့် ရရှိသူ ၁ ဦး၊ လူမှုထူးချွန် တတိယဆင့် ရရှိသူ ၈ ဦး၊ ရဲဗလတံဆိပ်ရရှိသူ ၁ ဦး၊ စုစုပေါင်း ၁၁ ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ ၂၇ ဦးတို့ ဖြစ်ကြောင်း သတင်းရရှိသည်။