Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူ တရားခံ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၄၇ ဦး တို့အား လုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဘဏ်အကောင့်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူ တရားခံ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၄၇ ဦး တို့အား လုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဘဏ်အကောင့်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

          Online အခြေပြုလောင်းကစားလုပ်ငန်းများ၊ ကံစမ်းမဲဖောက်လုပ်ငန်းများနှင့် တရားမဝင် ချေးငွေလုပ်ငန်း လုပ်ကိုင်နေသူ ဒုစရိုက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး ဆိုင်ရာ အထောက်အကူပြု မှတ်တမ်းများနှင့် နည်းပညာဆိုင်ရာ အချက်အလက်များအား အခြေပြု၍ စောင့်ကြည့်ကာ စုံစမ်းစစ်ဆေး ဖော်ထုတ်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွင်းဆက်မပြတ် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၇ နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ငွေနှင်းဖြူသစ်ခွလမ်း၊ အမှတ်(O-178) နေအိမ်၌ TTbet Online Game လောင်းကစားလုပ်ငန်း များလုပ်ကိုင်နေကြောင်း သတင်းအရ  ဝင်ရောက်ရှာဖွေခဲ့ရာ မို့မို့စံ(ခ)Yuki ပါ တရားခံ ၉ ဦးအား TTbet Online Game လောင်းကစားရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၅၀ လုံး၊ လက်တော့ ၂၂ လုံး၊ မော်နီတာ ၄ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY၊ ချင်းတွင်းလမ်းရှိ အိမ်အမှတ်(FG-98)ကို ထပ်မံဝင်ရောက်ရှာဖွေရာ Golden Gift(Online ကံစမ်း မဲဖောက် လောင်းကစားလုပ်ငန်း)အား စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ဖုန်းကျော်နှင့် ကြီးကြပ်လုပ်ကိုင်သူ ထင်အောင်ကျော် (ခ)အယ်လစ်ပါ တရားခံ ၁၉ ဦးတို့အား လက်ကိုင်ဖုန်း ၃၇ လုံး၊ လက်တော့ ၂၅ လုံး၊ မော်နီတာ ၃ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ ကာလာပရင်တာ ၁ လုံး၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

          သတင်းဆက်ဖော်ထုတ်ချက်အရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ချင်းတွင်း လမ်းရှိ အိမ်အမှတ်(FG-95)ကို ထပ်မံဝင်ရောက်ရှာဖွေရာ TTbet Online Game လောင်းကစား လုပ်ငန်းအား ကြီးကြပ်/စာရင်းကိုင်အဖြစ် လုပ်ကိုင်သူ အေးငြိမ်းသူနှင့် ကြီးကြပ်လုပ်ကိုင်သူ စိုင်းသီဟဇော် ပါ တရားခံ ၁၉ ဦးတို့အား လက်တော့ ၁၁ လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

          အထက်ပါ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ TTbet Online Game လောင်းကစား လုပ်ငန်းနှင့် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)များအား ဦးစီးပြီး စီမံ ခန့်ခွဲလုပ်ကိုင်သူ ရန်နိုင်ကျော်(ခ) အားဖုအား ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ကွန်ဒို(D)၊ အခန်းအမှတ်(၁၀၂)၌ လက်ကိုင်ဖုန်း ၁ လုံး၊ Macbook Pro လက်တော့ ၁ လုံး၊ Macbook Air လက်တော့ ၁ လုံး၊ ယာဉ်အမှတ် YGN 6S-8888 Mercedes–Benz အမျိုးအစား အနက်ရောင်ယာဉ် ၁ စီး၊ ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိသည့် တရားခံရန်နိုင်ကျော်(ခ)အားဖု၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ MICT Park၊ တိုက်အမှတ် (၉)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းသို့ ဝင်ရောက်ရှာဖွေရာ Money Bag Application ၊ Cash Now Application ၊ Cola Kyat Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်း လုပ်ကိုင်နေသည့် မန်နေဂျာ ကျော်ဆန်းလင်း (ခ)အားချန် ပါ ၂၂ ဦးတို့အား လက်ကိုင်ဖုန်း ၃၀ လုံး၊ လက်တော့ ၅၅ လုံး၊ Desktop ၁ လုံးနှင့် ဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ MICT Park ၊ တိုက်အမှတ်(၁၇)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းတွင် Money Bag Application ၊ Cash Now Application ၊ Cola Kyat Application ၊ U Loan Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် စာရင်းကိုင်ဖြစ်သူ ကျော်မျိုးအောင်အား လက်တော့ ၄၉ လုံး၊ ပရင်တာ ၁ လုံး၊ ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ TTbet Online Game လောင်းကစား လုပ်ငန်း၊ Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)နှင့် Sky Pay Mobile Financial Services Co.,Ltd. အမည်ခံကာ Money Bag Application ၊ Cash Now Application ၊ Cola Kyat နှင့် U Loan Application များအသုံးပြု၍ တရားမဝင် Online ချေးငွေလုပ်ငန်းတို့အား တရားခံ ရန်နိုင်ကျော်(ခ)အားဖုက ပိုင်ရှင်အဖြစ် စီမံခန့်ခွဲလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး TTbet Online Game လောင်းကစားလုပ်ငန်းအား Telegram မှတဆင့် သိရှိသူ Yang Song (စိစစ်ဆဲ)နှင့် ချိတ်ဆက်၍ လည်းကောင်း၊ Sky Pay Mobile Financial Services Co.,Ltd. အမည်ခံကာ Money Bag Application ၊ Cash Now Application ၊ Cola Kyat နှင့် U Loan Application များအသုံးပြု၍ တရားမဝင် Online ချေးငွေလုပ်ငန်းကို Telegram မှတဆင့်သိရှိသူ Sunny(စိစစ်ဆဲ)နှင့်ချိတ်ဆက်၍ လည်းကောင်း၊ Golden Gift(Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်း)အား အစ်ကိုဖြစ်သူ အောင်ဖုန်းကျော်အား ဦးစီးစေ၍လည်းကောင်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊

          ထိုသို့ လုပ်ငန်းများလုပ်ကိုင်ရာတွင် ကျော်ဆန်းလင်း(ခ)အားချန်သည် မန်နေဂျာအဖြစ် လည်းကောင်း၊ အေးငြိမ်းသူ(ခ)Neo သည် ကြီးကြပ်/စာရင်းကိုင်အဖြစ်လည်းကောင်း၊ မို့မို့စံ(ခ)Yuki နှင့် ကျော်မျိုးအောင်တို့သည် စာရင်းကိုင်များအဖြစ်လည်းကောင်း၊ ထင်အောင်ကျော်(ခ)အယ်လစ် နှင့် စိုင်းသီဟဇော်တို့သည် ကြီးကြပ်သူများအဖြစ်လည်းကောင်း အသီးသီးလုပ်ကိုင်ခဲ့ကြပြီး အခြား ဝန်ထမ်းများခန့်ထားကာ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

          ဖြစ်စဉ်များတွင် Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက် လောင်းကစား လုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် အမှုပေါင်း ၅ မှုမှ တရားခံ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၇၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ကာ လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 6S-8888 Mercedes Benz အနက်ရောင်ယာဉ် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင် ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ပြီး အမှုမှ တရားခံများ ပြစ်မှုကျူးလွန်ရာတွင် ဖွင့်လှစ်အသုံးပြုခဲ့သည့် ဘဏ်အကောင့် များနှင့် KBZ Pay ၊ Wave Pay အကောင့်တို့ရှိ ငွေကျပ် ၄၈၀၅ သိန်းခန့်နှင့် KBZ Pay အကောင့် ၁၄ ခုတို့အား ယာယီတားဆီးထိန်းသိမ်းထားရှိကာ အဆိုပါ အကောင့်များ အတွင်းရှိ ငွေများအား  စိစစ်လျက် ရှိပြီး တရားခံများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။