အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၏ စခန်းသွင်း လေ့ကျင့်နေမှုများ လိုက်လံကြည့်ရှုအားပေး

အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၏ စခန်းသွင်း လေ့ကျင့်နေမှုများ လိုက်လံကြည့်ရှုအားပေး

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများ၏  နောက်ဆုံးအကြိမ်  လက်ရည်ဆန်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊   ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးကြသည်။

လက်ရည်ဆန်းစစ်   ဂျူဒိုပြိုင်ပွဲတွင် ဝိတ်တန်းအမျိုးအစားအလိုက် ပွဲစဉ်(၃၆)ပွဲ၌ ဂျူဒိုအားကစားသမား အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၈ ဦးတို့သည် အုပ်စုအဖွဲ့   လေးဖွဲ့ခွဲ၍ (ပတ်လည်) ဝင်ရောက်ယှဉ်ပြိုင်ကစားကြသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်  (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင်  စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်  ခြင်းလုံးအားကစားသမားများ၊ ဘော်လီဘော (အမျိုးသမီး) အားကစားသမားများနှင့် ဗိုဗီနမ်အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို    လိုက်လံကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ်  ပြည်ထောင်စုဝန်ကြီးက အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြနှင့်  အားကစား သမားများကို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်ကာလ နီးကပ်လာပြီဖြစ်သည့်အတွက် အားကစား သမားများအနေဖြင့်  နည်းပြဆရာ၏ သင်ကြားပြသ  လေ့ကျင့်ပေးမှုအတိုင်း ကြိုးစား လေ့ကျင့်ကြရန်မှာကြားပြီး ဗိုဗီနမ်အားကစားနည်းမှ  အားကစားသမားတစ်ဦးအတွက် လိုအပ်သည့်  ဆေးကုသစရိတ် ထောက်ပံ့ပေးသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍   ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။