တစ်ဦးချင်းစွမ်းရည်မှသည် တပ်မတော်တစ်ရပ်လုံး စွမ်းရည်ရှိအောင်ဆောင်ရွက်လျက်ရှိ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၁ ရက်)

တစ်ဦးချင်းစွမ်းရည်မှသည် တပ်မတော်တစ်ရပ်လုံး စွမ်းရည်ရှိအောင်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၂၆ ရက်မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာ၌ “တပ်မတော်သားများ၏ တစ်ဦးချင်းစွမ်းရည်တိုးတက်ပြီး စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနှင့် စွမ်းပကား မြင့်မားအောင်ဆောင်ရွက်နိုင်မည်ဆိုပါက တပ်မတော်အင်အားရှိမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစွမ်းရည်များကိုအသုံးချ၍ တပ်မတော် တစ်ရပ်လုံးစွမ်းရည်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” မှာကြားခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရသည်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးနှင့် ပတ်သက် လာ၍ ပါဝင်နေရခြင်းဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးမှာ မြန်မာတစ်မျိုးသားလုံး၏ အသက်တမျှ စောင့်ထိန်းကြရမည့် အရေးကိစ္စ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်နေထိုင်သည့်မြန်မာနိုင်ငံအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုထိခိုက်လျှင် ပြည်ထောင်စု ပြိုကွဲမည်၊ ပြည်ထောင်စုပြိုကွဲကာ မညီမညွတ်ဖြစ်နေလျှင် လွတ်လပ်ရေးအချုပ်အခြာအာဏာသည် ချက်ချင်းပင် ကွယ်ပျောက်သွားနိုင်သည်။ ထို့ကြောင့် တပ်မတော်သည် နိုင်ငံတော်တွင်အရေးကြုံတိုင်း အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရခြင်းဖြစ်သည်။

နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ဦးဆောင်လမ်းခင်းပေးခဲ့သည်။ ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ စနစ်ကိုလျှောက်လှမ်းခဲ့သည်။ ဒီမိုကရေစီအစိုးရသက်တမ်း ၂ ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။ နိုင်ငံ့ကောင်းကျိုးအတွက် လိုအပ်သည့် အကြံကောင်းများကိုလည်း ပေးခဲ့သည်။

ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလတွင် စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်များစွာရှိခဲ့ခြင်းကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သင့်သလောက်မဖြစ်ခဲ့ပေ။ ပြည်သူလူထုမှအများကြီးမျှော် လင့်ထားသလောက် ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့သောအခါ ရွေးကောက်ပွဲအပေါ် အယုံအကြည်မဲ့လာခဲ့သည်။ No Vote လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်အထိဖြစ်သည့်အတွက် တပ်မတော် အကြီးအကဲကိုယ်တိုင်မဲပေး ကြရေးပြောကြားခဲ့ရသည်။ ဤသည်မှာဖြစ်စဉ်အမှန်များဖြစ်သည်။ ထိုစဉ်က အစိုးရအနေ ဖြင့်၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအနိုင်မရမည်ကိုစိုးရိမ်ပြီး မဲမသမာမှု၊ တရားမဲ့ပြုမှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၄။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင် ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ်ရွေးချယ် တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူး သက်တမ်း အတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်း များတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရဟူ၍ တိကျစွာပြဋ္ဌာန်းထားရှိသည်။ ထိုစဉ်က သမ္မတတာဝန်ယူထားသူသည် ယခင်လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်စဉ်က အဆိုပါပုဒ်မ ၆၄ နှင့်ပတ်သက်၍ ထင်ထင်ရှားရှား ကန့်ကွက်ခဲ့သူဖြစ်သော်လည်း မိမိတာဝန်ယူသည့်အခါ အဆိုပါပုဒ်မ ၆၄ ကိုသိလျက်နှင့် ကျူးလွန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာမဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့ဘဲ ထိုရလဒ်ကိုအတည်ပြုကာ အစိုးရတစ်ရပ် ဖွဲ့စည်းရန် လုပ်ဆောင်လာသည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံ ဒီမိုကရေစီစနစ်တွင် သန့်ရှင်းခြင်း၊ မျှတခြင်း၊ လွတ်လပ်ခြင်း တည်းဟူသော ရွေးကောက်ပွဲမှာ အဓိကဖြစ်သည်။ ဖြောင့်မတ်မှန်ကန်မှုမရှိသော ရွေးကောက်ပွဲမှာ ပါတီစုံဒီမိုကရေစီစနစ်ကို ပျက်စီးအောင် ဖျက်ဆီးခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူကာ လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျစီမံဆောင်ရွက်လျက်ရှိသည်။

တပ်မတော်သည် မျိုးချစ်တပ်မတော်ဖြစ်သည်။ စည်းကမ်းကောင်းသော တပ်မတော်ဖြစ်သည်အစရှိသော အစဉ်အလာကောင်း ၁၂ ရပ်နှင့်ပြည့်စုံသည့်တပ်မတော်ဖြစ်သည်။ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှု ရှိမှသာလျှင် စစ်သားကောင်းတစ်ယောက်ပီသမည် ဖြစ်သည်။ နိုင်ငံတော်၏လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာ တွင် အမိန့်နာခံမှုရှိခြင်း သည်အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် နိုင်ငံတော်နှင့်ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးထိပ်ထားနေခြင်းဖြစ်၍ တပ်မတော်သား တစ်ဦးချင်းမှသည် တပ်မတော်တစ်ရပ်လုံး စွမ်းရည်ရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။    ။