တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

နေပြည်တော်၊ မတ် -

          ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ဂွမြို့သို့ ရောက်ရှိ ခဲ့ရာ အနောကပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့များသည် ဂွမြို့ရှိ ရတနသိဒ္ဓိ ဗိမာန်တော်တွင်အခြေပြု၍ ဂွမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၃၀ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက် ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၀၉ ဦး၊ ခွဲစိတ်ရောဂါ ၄၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၀ ဦး၊ ကလေးရောဂါ ၂၀ ဦး၊ အရိုးရောဂါ ၁၁၁ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၅၀ ဦး၊ မျက်စိရောဂါ ၂၁၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၃၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၄၇ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၇၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကျန်းမာရေး ဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ်-

        “ကလေးကိုမျက်စိလာပြတာပါ၊ ဒီမြို့ပေါ်ကဘဲဖြစ်ပါတယ်။ အကုန်လုံး အဆင်ပြေပါ တယ်။ ဒီကလူတွေကလည်း အကုန်လုံးအဆင်ပြေအောင်လို့ အားလုံးလုပ်ပေးပါတယ်။ အခုလိုကျွန်မတို့မြို့ကိုလာပြီး ဆေးကုသပေးတဲ့အတွက် အရမ်းလည်းဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြို့ကလူတွေက ပုံမှန်ဆိုရင် မြို့ကိုသွားပြီး ဆေးကုသနိုင်မှုမရှိပါဘူး။ ဒီမြို့မှာ အထူးကုဆရာဝန်တွေလည်း မရှိပါဘူး။ အခုလို အထူးကုဆရာဝန်တွေ စုံစုံလင်လင်နဲ့ လာပြီးကုသပေးတဲ့အတွက် ဒီကလူတွေလည်း အဆင်ပြေကြတဲ့အတွက် ဝမ်းသာပါတယ်။ ခဏခဏ လာစေချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေလည်း ပင်ပင်ပန်းပန်းနဲ့ အရမ်းဝေးဝေးကြီး သွားစရာမလိုဘဲ ကုသနိုင်တဲ့အတွက် အခုလိုမျိုး တပ်မတော်နယ်လှည့် ဆေးကုအဖွဲ့တွေကို မကြာခဏ လာစေချင်ပါတယ်။ အခုလိုလာပြီး စေတနာပါပါနဲ့ ဆေးကုသပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ”

“တခြားမြို့တွေကို လှည့်လည်ပြီး ကုသပေးနေသလို ကိုယ့်မြို့ကိုလည်း အခုလိုလာပြီး ကုသပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။ အခုလိုနယ်လှည့်ဆေးကု အဖွဲ့တွေဖြစ်ပေါ်လာအောင် ပံ့ပိုးကူညီလမ်းညွှန်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။”

“တပ်မတော်နဲ့ကျန်းမာရေးဌာနမှ တာဝန်ရှိတဲ့ဆရာဝန်ကြီးတွေပူးပေါင်းပြီး အခုလိုလာ ရောက်ပြီး ဆေးကုသပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူတွေကိုယ်စား အထူးဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ ဂွမြို့နယ်အနေနဲ့ ပြောရရင် ခုတင်၅၀ ဆေးရုံပဲရှိ ပါတယ်၊ ဒါကြောင့်အထူးကု ဆရာဝန်ကြီးတွေနဲ့ အလှမ်းဝေးပါတယ်၊ ရန်ကုန်ကို သွားရောက် ကုသဖို့ဆိုရင်လည်း အခက်အခဲတွေ အများကြီးရှိပါတယ်၊ အခက်အခဲရှိတဲ့ လူနာတွေကိုအခုလို အခမဲ့လာရောက် ကုသပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်၊ ”

“မကြုံဖူးပါဘူး အခုလို စစ်သင်္ဘောလာရောက်တဲ့ အတွက် သွားရောက်ကြည်ရူရာမှာ သင်္ဘောကြီးက ခန့်ညားတဲ့အပြင် သင်္ဘောပေါ်မှာ ဆေးကုသမူဆိုင်ရာ ပစ္စည်းတွေအစုံအလင်နဲ့ လာရောက်ကုသပေးတဲ့ အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်၊ နောက်ထပ်လဲ လာစေချင်ပါတယ်၊ အခုလည်း လူနာတွေက တော်တော်များပါတယ်၊ မြို့နယ်ကလူဦးရေ ခုနှစ်သောင်းလောက်ပဲရှိပါတယ်၊ ပြသတဲ့လူနာတွေက ထောင်နီးပါးလောက်ရှိတဲ့ အတွက် နောက်ထပ်လည်း လာရောက် ကုသရင် လူနာတွေလည်း ရှိနေအုံးမယ်လို့ ယူဆမိပါတယ်။ အခုလိုမြို့နယ်ကိုလာရောက် ကုသပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲနဲ့တာဝန်ရှိသူတွေအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောလိုပါတယ်။”