ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုလားတန်မြစ်ကြောင်းစီမံကိန်း

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၃ ရက်)

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုလားတန်မြစ်ကြောင်းစီမံကိန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့် သတင်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်ည မြဝတီရုပ်မြင်သံကြားသတင်းတွင် တွေ့မြင်ရသည်။ ပထမဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက စီမံကိန်းဖြစ်ပေါ်လာသည့် အခြေအနေများနှင့် စီမံကိန်းတွင်ပါဝင်သည့်လုပ်ငန်းများ၊ ကုလားတန် ဆိပ်ခံတံတားဆိုင်ရာ အချက်အလက်များနှင့် တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ရုံးနှင့် ဆက်စပ်အဆောက်အဦများ တည်ဆောက်ပြီးစီးမှု၊ စက်ယန္တရားများနှင့် မြစ်တွင်းသွားသယ်ယူပို့ဆောင်ရေးယာဉ်များရောက်ရှိမှု၊ ပလက်ဝပြည်တွင်းရေကြောင်း ဆိပ်ကမ်းတည်ဆောက်ပြီးစီးမှု၊ ရေလမ်းကြောင်းသောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ပလက်ဝမှ မြန်မာ-အိန္ဒိယ နယ်စပ်အထိ အဝေးပြေးကားလမ်း ဖောက်လုပ်ရန်ဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာ အကောက်ခွန်ဆိပ်ကမ်းအဖြစ် သတ်မှတ် ဆောင်ရွက်ခြင်း၊ ပြည်တွင်းဆိပ်ကမ်းအဖြစ် သတ်မှတ်ရန်ဆောင်ရွက်လျက်ရှိမှု၊ စီမံကိန်းပြီးစီးပါက ရရှိနိုင်မည့် အကျိုးကျေးဇူး များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ယခုစီမံကိန်းသည် နှစ်နိုင်ငံ ကူးလူးဆက်သွယ်မှု၊ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက်မဟာဗျူဟာအရ အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးကို ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း”လမ်းညွှန်ခဲ့သည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းဆောင်ရွက်ပြီးစီးပါက မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှု အခွင့်အလမ်းပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့်သာမက အခြား နိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း၊ ရခိုင်ပြည်နယ် နှင့်   ချင်းပြည်နယ်တို့တွင်  လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပြီး  ဒေသဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့်ခရီးသွားများနှင့် ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက် ပေးလျက်ရှိရာတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလည်း ပါဝင်သည်။ ရခိုင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၁၀ ဘီလီယံကို ထုတ်ပေးခဲ့ပြီး ဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အားပေးခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သည် ရေခံမြေခံကောင်းများကိုပိုင်ဆိုင်ထားပြီး သဘာဝသယံဇာတများလည်း များစွာကြွယ်ဝသည့် ပြည်နယ်တစ်ခု ဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ရော်ဘာကုန်ကြမ်းများ များစွာထွက်ရှိသဖြင့် ရော်ဘာကိုအခြေခံသည့် တန်ဖိုးမြှင့် လူသုံးကုန် ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းသုံးစွဲမှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ပိုလျှံသည်များကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည် ဖြစ်သည်။ ပြည်တွင်း၌သုံးစွဲမှုများသည့် မော်တော်ကားတာယာနှင့် မော်တော်ဆိုင်ကယ်တာယာကဲ့သို့သော ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း စက္ကူပျော့ဖတ်များထုတ်လုပ်နိုင်သည့် အခြေခံကုန်ကြမ်းဖြစ်သော ဝါးများရှိပြီးဖြစ်သဖြင့် စနစ်တကျ ဖြင့် အသုံးပြုကြမည်ဆိုပါက နှစ်စဉ်ပြည်ပမှတင်သွင်းနေရသည့် စက္ကူများအတွက် နိုင်ငံခြားငွေထွက်ပေါက်ကို ပိတ်နိုင်မည် ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများမှလည်း သားရေများထုတ်လုပ်၍ရနိုင်သည့်အတွက် ရော်ဘာနှင့်သားရေကို အခြေခံသည့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ ကုန်သွယ်မှုပိုမိုအဆင်ပြေမည့်  ကုလားတန်မြစ် ကြောင်းဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းကြီးပြီးမြောက်ပါက ရခိုင်ပြည်နယ်၏ ကုန်သွယ်မှု၊ ခရီးသွားဧည့်သည် ဝင်ရောက်မှုတို့နှင့်အတူ စီးပွားရေးပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်းသည် ရခိုင်ပြည်နယ် အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်သည့် စီမံကိန်းဖြစ်သည်။ ပြည်တွင်းပြည်ပကုန်စည်စီးဆင်းမှုများကို  ပိုမိုလျင်မြန်စေတော့ မည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံသည် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေ ကောင်း နိုင်ငံများဖြစ်သည်။ မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ လူသာလျှင်ပဓာနဖြစ်ပေရာ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ အောင်မြင်အောင် ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။