(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Kum  Khmer အားကစားနည်းနှင့် လှေလှော် အားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှု အားပေး

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Kum  Khmer အားကစားနည်းနှင့် လှေလှော် အားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှု အားပေး

ရန်ကုန်  မတ်  ၂

    မြန်မာနိုင်ငံ  အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ (၃၂)ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Kum Khmer  အားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင်မည့်  မြန်မာ့ရိုးရာ လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

ထိုသို့ကြည့်ရှုစဉ်  မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်က အမျိုးသားများ အနေဖြင့် ၅၁ ကီလိုတန်း၊ ၅၄ ကီလိုတန်း၊ ၅၇ ကီလိုတန်း၊ ၆၀ ကီလိုတန်း၊ ၆၃.၅ ကီလိုတန်း၊ ၆၇ ကီလိုတန်း၊ ၇၁ ကီလိုတန်း၊ ၇၅ ကီလိုတန်း၊ ၈၁ ကီလိုတန်းများတွင် လည်းကောင်း၊ အမျိုးသမီးများ အနေဖြင့် ၄၈  ကီလိုတန်း၊ ၅၄ ကီလိုတန်း၊ ၅၇ ကီလိုတန်းများတွင် ပါဝင်ယှဉ်ပြိုင်၍   နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး အထူးကြိုးစား ဆောင်ရွက်နေမှုနှင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ထားမှုများကို  ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်၌ အားကစား သမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး လေးထပ်အိပ်ဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်သို့   သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံခြား ဘာသာ တက္ကသိုလ်၌ ကျင်းပသည့် အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်နှင့်    ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့်  အခြေခံ မြားပစ်သင်တန်း (၁/၂၀၂၃) ဆင်းပွဲသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားသည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဆင်း အမှတ်တရ ၁၀ မီတာ မြားပစ် အမျိုးသားပြိုင်ပွဲတွင် ဆုရရှိသူများကို လည်းကောင်း၊   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က ၁၀ မီတာမြားပစ် အမျိုးသမီး ပြိုင်ပွဲတွင်  ဆုရရှိသူများကို လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး  နိုင်ငံခြားဘာသာ တက္ကသိုလ်ပါမောက္ခချုပ်    ဒေါက်တာကြည်ရွှင်က သင်တန်းနည်းပြများကို  ဂုဏ်ပြုမှတ်တမ်းလွှာ၊ ချီးမြှင့်ငွေများကို လည်းကောင်း၊   ဒုတိယပါမောက္ခချုပ်က   သင်တန်းဆင်း လက်မှတ်များကို လည်းကောင်း   ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများ၏ သရုပ်ပြ မြားပစ်ခတ်မှုများကို   ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။