လာမည့် ၂၀၃၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် အဝလွန်သူများဖြစ်လာနိုင်

လာမည့် ၂၀၃၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် အဝလွန်သူများဖြစ်လာနိုင်

လူသားများအနေဖြင့်   ၎င်းတို့၏ စားသောက်မှုပုံစံကို ပြောင်းလဲခြင်းမရှိပါကတစ်ကမ္ဘာလုံးရှိ    လူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်သည် လာမည့်၂၀၃၅ ခုနှစ်တွင် အဝလွန်သူများဖြစ်လာနိုင်ကြောင်း အဝလွန်မှု လေ့လာရေးနှင့် စီမံခန့်ခွဲရေး အဖွဲ့ကြီးက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၅၁ ရာခိုင်နှုန်း  သို့မဟုတ်  လူဦးရေ ၄ ဘီလီယံကျော်သည် လာမည့် ၁၂ နှစ်အတွင်း အဝလွန်လာဖွယ်ရှိသည်။ အဝလွန်မှုနှုန်းသည်  အထူးသဖြင့်  ဝင်ငွေနည်းနိုင်ငံများရှိ ကလေးသူငယ်များတွင် ဖြစ်ပွားလျက်ရှိသောကြောင့် ယင်းအခြေအနေသည် စိုးရိမ်ဖွယ်ကောင်းကြောင်း  အဝလွန်မှု လေ့လာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့မှ ဥက္ကဋ္ဌလူးဝစ်ဘူးအားကပြောကြားသည်။ ထို့ကြောင့် ကလေးသူငယ်များနှင့်  ဆယ်ကျော်သက်အရွယ်များတွင် အဝလွန်ခြင်းမရှိစေရန် အတွက် သက်ဆိုင်ရာအစိုးရ အဖွဲ့များနှင့် မူဝါဒချမှတ်သူများအနေဖြင့်    တုံ့ပြန်လုပ်ဆောင်ရန်လိုအပ်ကြောင်း    ၎င်းကသတိပေးထားသည်။

ထို့ပြင်  အဝလွန်မှုနှင့်ဆက်နွှယ်သည့် ကျန်းမာရေး အခြေအနေများကြောင့် လူ့အဖွဲ့အစည်းများအတွက်  ငွေကြေးကုန်ကျမှုသည် လာမည့် ၂၀၃၅ ခုနှစ်ခန့်တွင် ဒေါ်လာ ၄ ထရီလီယံ သို့မဟုတ်  ကမ္ဘာ့ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းခန့်ရှိမည် ဖြစ်ကြောင်း အဝလွန်မှု လေ့လာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ကြီး၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

Ref:ST