တရုတ်နိုင်ငံ၏ စွမ်းဆောင်ရည်ကောင်းမွန်သည့် DF-41 တိုက်ချင်းပစ်ဒုံးကျည်

တရုတ်နိုင်ငံ၏ စွမ်းဆောင်ရည်ကောင်းမွန်သည့် DF-41 တိုက်ချင်းပစ်ဒုံးကျည်

DF-41 ဒုံးကျည်သည်    တိုက်ချင်းပစ် ဒုံးကျည်အမျိုးအစားဖြစ်ပြီး တရုတ်နိုင်ငံက ထုတ်လုပ်ထားသည့် ဒုံးကျည်များအနက်  အစွမ်းထက်မြက်ဆုံးသော တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဖြစ်သည်။ ယင်းဒုံးကျည်သည် ကမ္ဘာပေါ်ရှိ ကြောက်စရာအကောင်းဆုံးသော   တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းလည်း ဖြစ်သည်။

အဆိုပါ ဒုံးကျည်၏ ဖြန့်ကြက်ပုံသည်    ရုရှားလုပ် Topol-M နှင့့် Yars တို့ကဲ့သို့သော မြေပြင်အခြေပြု ဒုံးကျည်စနစ်နှင့် အလားသဏ္ဌာန်တူညီပြီး     ၁၆ ဘီးတပ်  မော်တော်ယာဉ်ပေါ်တွင် ဖြန့်ကြက်ထားလေ့ရှိသည်။ တရုတ်နိုင်ငံသည် အဆိုပါတိုက်ချင်းပစ်ဒုံးကျည်အား ၂၀၁၃ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ်   ပစ်ခတ်စမ်းသပ်ခဲ့သည်။ ဒုတိယအကြိမ်စမ်းသပ်မှုကို နောက်တစ်နှစ်တွင် ဆက်လက်လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံသည် DF-41A အမျိုးအစားဒုံးကျည်ကို ၂၀၁၆ ခုနှစ် သို့မဟုတ် ၂၀၁၇ ခုနှစ်တွင် ဖြန့်ကြက်ခဲ့သည်ဟု အချို့သတင်းများတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် အဆိုပါဒုံးကျည်ကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်။

DF-41 တိုက်ချင်းပစ်ဒုံးကျည်သည် အခဲလောင်စာသုံးဒုံးကျည်ဖြစ်ပြီး   အကွာအဝေးအားဖြင့် ၁၂၀၀၀ ကီလိုမီတာအထိ ပစ်ခတ်ရောက်ရှိနိုင်သည်။    ထို့ပြင် မတူကွဲပြားသည့်ပစ်မှတ်များကို အလိုအလျောက် ပစ်ခတ်နိုင်သည့်ထိပ်ဖူး ၁၀ ခုအထိ တပ်ဆင်နိုင်စွမ်းရှိသည်။

အဆိုပါ ဒုံးကျည်သည် အမေရိကန်ပြည်ထောင်စုအတွင်းရှိ နယ်မြေဒေသအားလုံး၊ ဥရောပရှိနိုင်ငံများသို့ပါ ရောက်ရှိပစ်ခတ် နိုင်သည်။  DF-41 ဒုံးကျည်အားပစ်စင်မှ အမေရိကန်ပြည်ထောင်စုသို့ ပစ်ခတ်မည် ဆိုပါက အချိန်အားဖြင့် ၂၀ မိနစ်မှ  ၂၅ မိနစ်အထိသာ    ကြာမြင့်မည်ဖြစ်သည်။

ဒုံးကျည်၏ အဖျက်စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းပြီး ပြိုင်ဘက် သို့မဟုတ် ရန်သူနိုင်ငံများအား    လုံးဝပျက်စီးသွားအောင် ချေမှုန်းတိုက်ခိုက်နိုင်စွမ်းရှိသည်။

DF-41 ဒုံးကျည်သည် တရုတ်ပြည်တွင်းဖြစ် BeiDou  လမ်းကြောင်းရှာဖွေရေး ဂြိုဟ်တုစနစ်နှင့်    ချိတ်ဆက် ထားသောကြောင့် ပစ်မှတ်များကို တိကျစွာပစ်ခတ်နိုင်သည်။

တရုတ်နိုင်ငံသည်   ယင်းဒုံးကျည်အား အထူးတည်ဆောက်ထားသည့်     TaianHTF5980 မော်တော် ယာဉ်ပေါ်တွင် ဖြန့်ကြက်ထားပြီး   ယင်းမော်တော်ယာဉ်သည်  မြေပြင်အခြေအနေအမျိုးမျိုးတွင် အလျင်အမြန် မောင်းနှင်သွားလာနိုင်ခြင်းကြောင့်     ဒုံးကျည်အား  အလျင်အမြန်ရွှေ့ပြောင်းရာတွင် အထောက်အကူပြုစေမည် ဖြစ်သည်။

အလျင်အမြန်   ရွှေ့ပြောင်းနိုင်သည့် တရုတ်နိုင်ငံ၏ဒုံးကျည်များကို  ပြိုင်ဘက်နိုင်ငံများက   ကြားဖြတ် တားဆီးရာတွင် ပိုမိုခက်ခဲစေမည်ဖြစ်သောကြောင့် အကယ်၍ ပြိုင်ဘက်နိုင်ငံများ၏  တိုက်ခိုက်ခြင်းကို ခံရပါကလည်း ထိခိုက်ပျက်စီးမှုကို လျှော့ချပေးနိုင်မည် ဖြစ်သည်။                

    Ref:MT