မျိုးဆက်သစ်များနှင့် ကိုယ်လက်လှုပ်ရှားခြင်း

မျိုးဆက်သစ်များနှင့် ကိုယ်လက်လှုပ်ရှားခြင်း

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၄ ရက်)

    လူ့ဘဝကိုဆစ်ပိုင်းလေ့လာလျှင် ပထမအရွယ်သည် ပညာရှာရသော အရွယ်ဖြစ်သည်။ ဒုတိယအရွယ်သည် ဥစ္စာရှာရသောအရွယ်ဖြစ်သည်။ တတိယအရွယ်သည် တရားဘာဝနာပွားများ အားထုတ်ရသောအရွယ်ဖြစ်သည်။ မည်သည့်အရွယ်မှာရှိနေပါစေ လူသားတစ်ဦးသည် နေ့စဉ် အလုပ်လုပ်ကိုင်နေကြရပါသည်။ ပထမအရွယ် ပညာသင်ကြားရခြင်းမှာ ပညာကို တတ်အောင် သင်ရသော အလုပ်ကိုလုပ်နေရခြင်းဖြစ်သည်။ ပထမအရွယ်တွင်ကြိုးစားမှုအရ ဒုတိယအရွယ်တွင် မိမိနှင့်ထိုက်တန်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုခုကို ပိုင်ဆိုင်ရပေမည်။ အရွယ်တစ်ခုနှင့်တစ်ခုသည် ဆက်စပ်လျက်ရှိသည်။ ပထမအရွယ်တွင် မကြိုးစားခဲ့ပါက

ဒုတိယအရွယ်တွင် မျှော်လင့်သလို ဖြစ်လာမည်မဟုတ်ဘဲ တတိယအရွယ်တွင် ဘဝကိုခက်ခက်ခဲခဲ ရှင်သန်ကြရမည်ဖြစ်သည်။

မည်သည့်အရွယ်တွင်ရှိနေပါစေ လူသားတစ်ဦးအတွက် မရှိမဖြစ်သောအရာသည် ကျန်းမာရေး ကောင်းမွန်ခြင်းပင်ဖြစ်သည်။ ကျန်းမာရေး ကောင်းမွန်မှသာ မိမိအတွက်၊ မိသားစုအတွက်၊ နိုင်ငံတော်အတွက် ကောင်းမွန်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ပေမည်။ ကျန်းမာရေး ကောင်းမွန်ရန်အတွက် အဓိကအကျဆုံးသောအရာကို ညွှန်းဆိုပါဆိုလျှင် အားကစား လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ အားကစား လုပ်ဆောင်သူတိုင်း ကျန်းမာကြသည်။ ကျန်းမာလိုသူတိုင်း အားကစား လုပ်ဆောင်ကြသည်။ ဤသည်မှာ မှန်သောစကားဖြစ်သည်။

လူ့ဘဝတွင် ကလေးအရွယ်မှစတင်၍ ပြေးလွှားဆော့ကစားခြင်းသည် ကျန်းမာရေး လုပ်ဆောင်ခြင်းဖြစ်သည်။

ပြေးပြေးလွှားလွှားမရှိ၊ ဆော့ကစားခြင်း မရှိသော ကလေးထက် ပြေးပြေးလွှားလွှား ဆော့ကစားခြင်းရှိသော ကလေးက ပိုမိုကျန်းမာသည်ကိုတွေ့မြင်နိုင်သည်။

ပိုမိုကျန်းမာသော ကလေးက ဉာဏ်ရည်ဉာဏ်သွေးမှာလည်း ပိုမိုထက်မြက်သည်။ ထုံထုံထိုင်းထိုင်း နေတတ်သောကလေးသည် ဉာဏ်ရည်ဉာဏ်သွေးနိမ့်ပါးပြီး အပေါင်းအသင်းနှင့် ဝေးကွာနေတတ်သည်။ စုပေါင်းဆောင်ရွက်ရမည်ကို ရှက်ရွံ့နေတတ်သည်။ စိတ်ထဲတွင် အားငယ်နေတတ်သည်။ ထိုကလေးမျိုးတွေ များပြားလာခဲ့သော် နိုင်ငံ၏အနာဂတ်သည် စိုးရိမ်ဖွယ်ရှိနေပေလိမ့်မည်။ ယနေ့ကာလတွင် ကလေးတို့လူနေမှုကို တစေ့တစောင်း လေ့လာကြည့်သောအခါ ကလေးငယ်တို့သည် မူကြိုကျောင်းသို့မရောက်မီကပင် လက်ကိုင်ဖုန်း သုံးတတ်နေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဖုန်းသုံးတတ်နေသည်ကို တချို့သောမိဘတို့က သဘောကျနေတတ်သည်။ ငါ့သားလေး၊ ငါ့သမီးလေး တော်လိုက်တာ၊ တတ်လိုက်တာဟူ၍ ချီးမွမ်းစကားဆိုကြသည်။

အမှန်တော့ ဤဖြစ်ရပ်သည် ကလေး၏ အနာဂတ်အတွက် စိုးရိမ်ဖွယ်ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဖုန်းသုံးစွဲသောအခါ ပထမဆုံးထိခိုက်သည်မှာ ကလေးတို့၏ နုနယ်လှသောမျက်လုံးဖြစ်သည်။ သာမန်ထက်မျက်လုံးကို ပိုမိုသုံးစွဲသောအခါ ထိုကလေးငယ်ကြီးလာလျှင် မျက်မှန်မဖြစ်မနေ တပ်ရပေမည်။ ငယ်ငယ်ရွယ်ရွယ်နှင့်မျက်မှန်တပ်နေသူများကိုတွေ့လျှင် သနားမိသည်။ မိဘများကို အပြစ်တင်ချင်မိသည်။ ကလေးများကို ငယ်ငယ်ရွယ်ရွယ်နှင့် ဖုန်းပေးကိုင်ထားခြင်းမှာ ချစ်ရာမရောက်ဘဲ နှစ်ရာရောက်နေပါသည်။

ကလေးငြိမ်ဆေးအတွက် ဖုန်းတစ်လုံး ပေးထားလိုက်သည်။ ဖုန်းထဲတွင် ကလေးတို့အတွက် အသစ်အဆန်းဖြစ်နေသည့် ကာတွန်းဇာတ်လမ်းများ၊ နိုင်ငံခြား ရုပ်ရှင်ဇာတ်လမ်းများ ပါဝင်သည်။ ကလေးတို့က စွဲစွဲလမ်းလမ်း ကြည့်ကြသည်။ ပိုဆိုးသည်က မျက်စိရှုပ်၊ နားရှုပ်စေသော နိုင်ငံခြားရုပ်ရှင် ဇာတ်လမ်းများဖြစ်သည်။ မျက်စိထဲတွင် လှစ်ခနဲလှစ်ခနဲမြင်လိုက်သော အပြောင်းအလဲများ၊ ဆူဆူညံညံ နောက်ခံတီးလုံးများ၊ သေနတ်ပစ်သံများ၊ ကားတိုက်သံများက ကလေးတို့၏ နားကိုရှုပ်စေသည်။ နားရှုပ်စေသည်ဟု တင်စားသော်လည်း အမှန်အားဖြင့် ကလေး၏နားစည်ကို အသံပြင်းပြင်းတိုးဝင်မှုကြောင့် ကလေးသည် အရွယ်ရလာသောအခါ အကြားအာရုံ နည်းသွားပေလိမ့်မည်။ ကလေးငယ်များမှာ ဖုန်းကိုစွဲလမ်းသွားလျှင် ကလေးတို့ သဘာဝပြေးလွှား လှုပ်ရှားဆော့ကစားမှုကို မပြုကြတော့ပေ။ တဖြည်းဖြည်းနှင့် ကြီးပြင်းလာသောအခါ ကျန်းမာရေး ဒေါင်ဒေါင်မြည် မဖြစ်နိုင်တော့ပေ။ ဤအချက်ကို မိဘများအနေဖြင့် အထူးသတိပြုစေချင်ပါသည်။ မိဘတိုင်းက ကျန်းမာရေး အသိရှိရှိဖြင့် လုပ်ဆောင်ကြမှသာ တစ်မျိုးသားလုံး ကျန်းမာရေးကောင်းလာပါလိမ့်မည်။

ယနေ့တွင်ကျယ်စွာအသုံးပြုနေသော လူ့စွမ်းအားအရင်းအမြစ် ဆိုသောစကားရပ်သည် နိုင်ငံတိုင်းအတွက် လွန်စွာအဖိုးတန်လှပါသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတိုင်းက လုပ်ဆောင်နေကြသည်။ နည်းပညာတိုးတက်နေသော ခေတ်ကြီးတွင် လူ့စွမ်းအား အရင်းအမြစ် တိုးတက်နေမှသာ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးသည် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ပေလိမ့်မည်။ ဘက်စုံထူးချွန်တော်နေသော လူငယ်များပေါကြွယ်ဝမှသာ သူတို့တစ်တွေ လူကြီးဖြစ်လာသည်နှင့် မိမိနိုင်ငံကို ကောင်းစွာ ဦးဆောင်မှုပြုနိုင်ပေလိမ့်မည်။ ဘက်စုံထူးချွန်တော်နေသော စကားရပ်တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် တော်နေရမည်ကို ဆိုလိုခြင်းဖြစ်သည်။ ကျန်းမာရေးမကောင်းလျှင် ပညာရေး မကောင်းနိုင်သလို လူမှုဆက်ဆံရေးမှာလည်း ကောင်းလာနိုင်ဖွယ်မရှိပေ။ အနှစ်ချုပ်ဆိုရသော် ကလေးသူငယ်များ၏ ကျန်းမာဖွံ့ဖြိုးရေးအတွက် ငယ်စဉ်ကတည်းက ဂရုစိုက်ကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။