စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-(၇၁)

 

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-(၇၁)

အမှတ်စဉ်(၇၁)

    ၁၈၄၁ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုမှာ ဆားတွင်းတူးရင်း ရေနံထွက်လာရာကနေ မြေထဲမှာ ဒီလိုပစ္စည်းတွေ အောင်းနေပါလား ဆိုပြီး ပိုက်လုံးကို မြေထဲရိုက်သွင်းပြီး အနက်ပိုင်းမှာရှိတဲ့ရေနံကို ထုတ်ယူဖို့ ကြိုးစားခဲ့ရာကနေ အက်ဒ်ဝင်ခရေစ်ဆိုသူ၏ ဆောင်ရွက်ချက်ကြောင့် ၁၈၅၉ ခုနှစ် သြဂုတ်လမှာ တွင်းထဲကနေ ရေနံကို အပေါ်ရောက်အောင် ဆွဲတင်တဲ့ အဆင့်ရောက်ခဲ့တယ်။ အချို့နေရာတွေမှာ သဘာဝတွန်းကန်အားနဲ့ ဖောဖောသီသီ အလိုအလျောက် ပန်းထွက်ခဲ့တယ်။ ဒီမှာပဲရေနံစိမ်းတွေ ပေါများစွာထွက်လာဖို့ လုပ်ငန်းမျိုးစုံအတွက် ရေနံကို ပိုပြီးမီးရှို့ကြပြန်တယ်။  ရေနံကိုအင်ဂျင်တွေမှာ သုံးဖို့  ချက်လုပ်တတ်ရာကစပြီး ကျောက်မီးသွေးနေရာမှာ ရေနံတွင်းထွက်ဆီကို ပြောင်းလဲသုံးစွဲလာကြလို့ ပိုပြီးတိုးတက်မှုတွေ ရလာတယ်။

လူသားအကျိုးပြု လုပ်ငန်းတွေတိုင်းရဲ့နောက်မှာ   ထိုက်သင့်တဲ့ သဘာဝပျက်ယွင်းမှုဆိုတာ  ကပ်ပြီးပါလာတာ  သဘာဝပါပဲ။ လူသားအကျိုးပြု ကိစ္စတွေပေါ်ကနေ အကျိုးကျေးဇူးများများ ခံစားနေကြရတာကတော့ ပထမဆုံး တီထွင်ကြံဆခဲ့ကြတဲ့ နိုင်ငံများပါပဲ။ ဒီတီထွင်ကြံဆမှုတွေကနေ ယာဉ်တွေ၊ ယန္တရားတွေ၊ တင့်ကားတွေ၊ လက်နက်ကျည်ဆန်တွေပါ ပေါပေါများများ ထုတ်လုပ်ပြီး မဖွံ့ဖြိုးသေးတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ဗိုလ်ကျစိုးမိုးခဲ့ကြတော့တာပါပဲ။ ဗိုလ်ကျစိုးမိုး ကုပ်သွေးစုပ်ခံရတဲ့

နိုင်ငံတွေက သယံဇာတတွေဟာ အဲဒီနိုင်ငံကြီးတွေ ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးနေသလို ဖြစ်ခဲ့တာပါပဲ။  ဒီနေ့ခေတ်မှာတော့ ၎င်းနိုင်ငံများဟာ ချမ်းသာလွန်းမက ချမ်းသာနေကြပါပြီ။ သူတို့ရဲ့ ကုပ်သွေးစုပ်ခြင်း ခံနေရတဲ့ နိုင်ငံအများစုမှာ မဖွံ့ဖြိုးတဲ့အပြင် စစ်ပွဲတွေနဲ့ ရုန်းကန်ပြီး ကျန်ရစ်ခဲ့ကြလို့ နာလန်မထူနိုင်ကြသေးတာကတော့ လက်တွေ့ပါပဲ။ သူတို့မွှေးခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရင်းသားအရေး မညီမညွတ်မှုမီးတွေဟာ ဆက်လက် တောက်လောင်နေဆဲပါပဲ။

နောက်တစ်ချက်ကတော့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံအများစုမှာ နိုင်ငံခြားငွေရဖို့ သစ်တောတွေ ခုတ်ရောင်းရတာ၊ ထင်းမီးသွေးရဖို့ တောတွေခုတ်ရတာတွေဟာ ပတ်ဝန်းကျင်ဂေဟစနစ်ကို ပျက်ယွင်းစေပါတယ်။ ရာသီဥတု ပြောင်းလဲမှုကိုလည်း သိသိသာသာဖြစ်စေတယ်။

ကမ္ဘာကြီးပူနွေးလာမှုဆိုတာကို လေ့လာတဲ့အခါ အဓိက တာဝန်ရှိနိုင်ငံတွေဟာ ဒီနေ့ဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံတွေပဲဆိုတာ မငြင်းနိုင်ပါဘူး။ ဒီလိုဖွံ့ဖြိုးမှုတွေ လုပ်ဆောင်ရာက ထွက်ရှိလာတဲ့ လူသားကို ထိခိုက်စေမယ့် ဓာတ်ငွေ့ဟာလည်း ကမ္ဘာ့လေထုထဲ ရောက်ချင်တဲ့နေရာကို ရောက်သွားတာပါ။ ဒီဓာတ်ငွေ့တွေကို ခြံခတ်ပြီးတားလို့ မရတဲ့အတွက် ဒီနေ့ချမ်းသာနေပါတယ် ဆိုတဲ့နိုင်ငံတွေလုပ်လိုက်လို့   သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ကျန်တဲ့ နိုင်ငံငယ်တွေကလည်း မျှဝေခံစားနေကြရပါတယ်။

ကမ္ဘာကြီးပူနွေးလာရင် ဘာဖြစ်မလဲ ကမ္ဘာ့အပူဓာတ်ကို ထိန်းထားပေးတဲ့ မှန်လုံအိမ်ဓာတ်ငွေ့ထဲမှာ ဖော်ပြခဲ့တဲ့ ဓာတ်ငွေ့တွေ တစ်နေ့တခြား တိုးလာတာနဲ့အမျှ ကမ္ဘာကြီးပိုပြီး ပူနွေးလာနေပါတယ်။  ပူနွေးလာရင်  ဘာဖြစ်မလဲဆိုရင်  ဝင်ရိုးစွန်း ရေခဲတောင်တွေ အရည်ပျော်မှုနှုန်းမြင့်လာမယ်။ ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ မျက်နှာပြင်အပူချိန်တွေ ပြောင်းလဲလာမယ်၊ရေငွေ့ပျံနှုန်းတွေ ကမောက်ကမဖြစ်ပြီး မိုးပိုရွာတာတွေ၊ မိုးခေါင်တာတွေအချိုးမညီဖြစ်လာမယ်။ ဂရင်းလန်၊ အန္တာတိကနဲ့ အာတိတ်ဒေသတွေက ရေခဲအရည်ပျော်မှုဟာ တိုးလာနေမယ်။ လက်တွေ့တိုင်းတာမှုအရ ၁၉၇၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း  နှစ် ၃၀ ကျော်ကာလအတွင်း ကမ္ဘာ့ရေခဲပြင် လျော့နည်းလာမှုဟာ ပျမ်းမျှ ၄ ရာခိုင်နှုန်းလောက်ထိရှိလာတယ်။ ဒီလိုရေခဲတွေ အရည်ပျော်လာတာဟာ အလွန်ကြောက်စရာကောင်းပါတယ်။  ပုံမှန်သဘာဝက ထိန်းညှိပေးထားလို့ တည်ငြိမ်နေတဲ့ ပင်လယ်ရေမျက်နှာဟာ တဖြည်းဖြည်း မြင့်တက်လာတယ်။ သုတေသန လုပ်ထားချက်အရ ၁၉၀၁ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၁၁၀ အတွင်းမှာ ရေမျက်နှာပြင်ဟာ ၇ ဒသမ ၅ လက်မ (၁၉ စင်တီမီတာ) လောက်ထိ မြင့်တက်လာတယ်။ ဒီလက်မနည်းနည်းကလေးကို နှစ်ပေါင်းတစ်ရာကျော်မှ တက်လာတာ ဘာပြဿနာရှိသလဲလို့ ကုန်းမြင့်ဒေသနိုင်ငံတွေက လူသားတွေက မေးကောင်းမေးကြပါလိမ့်မယ်။ ပြဿနာရှိပါတယ်။ အချို့နိုင်ငံတွေဟာ အခုပဲပင်လယ်ရေမျက်နှာပြင်ထက် နိမ့်နေတဲ့နိုင်ငံတွေရှိနေပါပြီ။ သူတို့ဘဝတွေကို ကာကွယ်ဖို့ ကြီးမားတဲ့ ရေတံခါးကြီးတွေ

ကိုချပြီး ကာကွယ်ထားရပါတယ်။ အလွယ်ဆုံး နမူနာပြလို့ရတာကတော့ နယ်သာလန်နိုင်ငံပါပဲ။

အချို့ကျွန်းနိုင်ငံလေးတွေလည်း တဖြည်းဖြည်း ပင်လယ်ရေမျက်နှာပြင်မြင့်လာလို့ သူတို့လည်း ထိတ်လန့်နေကြပါတယ်။ အချို့နိုင်ငံတွေဆိုရင် ဒီနှုန်းအတိုင်းသာ တက်နေရင် နောက်နှစ်ပေါင်း ၂၀၀၊ ၃၀၀ အတွင်းမှာပဲ မြို့ကြီးအချို့ ပင်လယ်အောက်ရောက်သွားနိုင်ပါတယ်။

တကယ်တော့ သဘာဝတရားကြီးက ဆန်းကျယ်ပါတယ်။ သူ့နေရာနဲ့သူ လိုတိုးပိုလျှော့လုပ်ပြီး သဘာဝက ထိန်းထားပေးပြီးသားပါ။ အခု CO2 ကြောင့် ကမ္ဘာကြီး ပူနွေးလာတယ်၊ ရာသီဥတု ဖောက်ပြန်လာနေတယ်၊ လူတွေအတွက် CO2 ဟာအဆိပ်ဓာတ်ငွေ့ပဲ စသည်ဖြင့်ပြောနေကြပေမယ့်  တစ်ဖက်မှာလည်း  လူတွေနေ့စဉ်ရှူသွင်းနေတဲ့  သဘာဝလေထဲမှာ နိုက်ထရိုဂျင်က ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင်က ၂၁ ရာခိုင်

နှုန်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အာဂွန်က သုည ဒသမ ၀၄ ရာခိုင်နှုန်းပါနေပါတယ်။ဒါတွေအားလုံးကို လူက ရှူသွင်းလိုက်ပြီး အဆုတ်ထဲရောက်၊ အဆုတ်ထဲက ပြန်ထွက်လာတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်က ၄ ရာခိုင်နှုန်းဖြစ်ပြီး ပြန်ထွက်သွားတာပါ။

လူတွေရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားကိစ္စတွေက ထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပေါင်းမိသွားတယ်။ ဒါကို သဘာဝသစ်တော၊  သစ်ပင်၊ မြက်ခင်းပြင်တွေက  ပြန်စုပ်ယူတယ်။  သူတို့က အောက်ဆီဂျင်ပြန်ထုတ်ပေးတယ်။ ဒါ့ကြောင့် သစ်တော၊ သစ်ပင်ကို အထူးဂရုစိုက် ထိန်းသိမ်းစိုက်ပျိုးကြရပါမယ်။ ပင်လယ်ပြင်ရှိတဲ့နိုင်ငံတွေ၊ ရေကန်ကြီးတွေရှိတဲ့ နိုင်ငံတွေ၊ မြစ်ချောင်းကြီးတွေ ကြီးကြီးမားမား ရှိတဲ့နိုင်ငံတွေက ကံနည်းနည်း ပိုကောင်းသလိုဖြစ်နေတယ်။ အကြောင်းကတော့  ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့အချို့ဟာ ရေမှာ ပျော်ဝင်နိုင်လို့ပါပဲ။ နိုင်ငံအချို့မှာ ဒီအခွင့်အရေး မရနိုင်ပေမယ့် မိမိတို့နိုင်ငံမှာတော့ ပင်လယ်ကမ်းရိုးတန်း ၁၃၈၆ မိုင်နဲ့ မြစ်ကြီးမြစ်ငယ်  အသွယ်သွယ်၊ ကန်ကြီးကန်ငယ်မျိုးစုံနဲ့  သစ်တောဖုံးလွှမ်းဧရိယာ  ၄၇ ရာခိုင်နှုန်းပမာဏဟာ သဘာဝကပေးထားတဲ့ ရှားပါးကံကောင်းခြင်း  လက်ဆောင်တွေပါပဲ။

ကာဗွန်အဓိကထုတ်နေတာ ဘယ်နိုင်ငံတွေလဲ

စောစောကပြောခဲ့တဲ့ တစ်ကမ္ဘာလုံး မှန်လုံအိမ်ဓာတ်ငွေ့ တိုးလာတာဟာ နှစ်ပေါင်းများစွာ မိမိဖွံ့ဖြိုးရေးတွေကို အင်တိုက်အားတိုက် လုပ်ခဲ့ကြတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေ၊  ချမ်းသာသူတွေပဲဆိုတာ အချက်အလက် မပါဘဲပြောရင် ရန်လိုတဲ့ သဘောလို့ ယူဆကြမှာပါ။

ဆက်လက်ဖော်ပြပါမည်။