မလေးရှားတွင် ဖြစ်ပွားနေသည့် ရေကြီးမှုပိုမိုဆိုးရွားလာဟုဆို

မလေးရှားတွင် ဖြစ်ပွားနေသည့် ရေကြီးမှုပိုမိုဆိုးရွားလာဟုဆို

မလေးရှားနိုင်ငံရှိ ပြည်နယ်အချို့တွင် ဖြစ်ပွားနေသည့်ရေကြီးမှုများသည် ပိုမိုဆိုးရွားလာလျက် ရှိသောကြောင့် အာဏာပိုင်များက မတ် ၃ ရက်တွင် ရဲတပ်ဖွဲ့ဝင်၃၆၉ ဦးကို  ဖြန့်ကြက်ခဲ့ရကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ  ပြည်နယ်လေးခုတွင် ရေကြီးမှုများသည် ဆက်လက်ဆိုးရွားနေပြီး ယင်းပြည်နယ်များအနက် ဂျာဟော်ပြည်နယ်သည် ရေဘေးဒဏ်ကို အဆိုးဆုံးရင်ဆိုင်ရလျက်ရှိသည်။ အဆိုပါ ပြည်နယ်အတွင်းရှိ ခရိုင် ၁၀ ခရိုင်စလုံးသည် လက်ရှိတွင် ရေနစ်မြုပ်လျက်ရှိပြီး အာဏာပိုင်အဖွဲ့က မတ် ၃ ရက် ဒေသစံတော်ချိန်ညနေ ၄ နာရီအထိ ယင်းပြည်နယ်အတွင်း နေထိုင်သည့်မိသားစု ၉၃၀၀ ခန့်မှ ဒေသခံပြည်သူ ၃၂၉၀၀ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ဆက်လက်ဖြစ်ပွားနေသည့် ရေကြီးမှုများကြောင့်  ဂျာဟော်ပြည်နယ် အတွင်းရှိဆီဂါမက်ခရိုင်သည် ကျွန်းတစ်ကျွန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ယင်းခရိုင်အတွင်းရှိ လူနေထိုင်ရာဒေသ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ရေနစ်မြုပ်သွားကြောင်း Bernama   သတင်းအေဂျင်စီက ဖော်ပြသည်။ထို့ပြင် ဂျာဟော်ပြည်နယ်အတွင်းရှိ မြစ် ၁၄ စင်းအတွင်းရှိ ရေမျက်နှာပြင်သည်  ယခုရက်သတ္တပတ် အစောပိုင်းမှစ၍  မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်    စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာကြောင်း  သိရသည်။

လက်ရှိအချိန်အထိ ရေကြီးမှုများ အတွင်း လူလေးဦး သေဆုံးထားပြီး ပြည်သူ၃၆၀၀၀ ကျော်အား  အာဏာပိုင်အဖွဲ့က ယာယီ ကယ်ဆယ်ရေး စင်တာများသို့  ရွှေ့ပြောင်း ပေးထားကြောင်း သိရသည်။