သာသနာတော်တည်တံ့ပြန့်ပွားရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၅ ရက်)

သာသနာတော်တည်တံ့ပြန့်ပွားရေး

သုံးလောကထွတ်ထား သဗ္ဗညုရှင်တော်မြတ်ဘုရားသည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလ ပတ်လုံး ပါရမီ၊ စာဂ၊ စရိယတို့ကို ပြည့်ဝအောင် ဖြည့်ကျင့်ဆည်းပူးတော်မူ၍ ရရှိတော်မူခဲ့သောသဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများ၏ အကျိုးစီးပွားအလို့ငှာ သာသနာတော်မြတ်ကြီးကို တည်ထောင်တော်မူခဲ့ပါသည်။ ထိုတည်ထောင်အပ်ပြီးသော သာသနာတော် မြတ်ကြီးကို အဓွန့်ရှည်ကြာစွာ တည်တံ့စေရန် လက်ဆင့်ကမ်းထမ်းဆောင်နိုင်ကြမည့် ပဉ္စဝဂ္ဂီငါးပါးတို့နှင့်တကွ အရှင်သာရိပုတ္တရာ၊ အရှင် မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်ဥပါလိ စသောသာဝကတို့ကို ရဟန်းပြုပေးတော်မူကာ သံဃာ့အဖွဲ့အစည်း ကြီးကို ဖွဲ့စည်းတည်ထောင်တော်မူခဲ့ပါသည်။

သာသနာတော်မြတ်ကြီးကို ဘုရားရှင်လက်ထက်တော်မှစ၍ လက်ဆင့်ကမ်း ထမ်းဆောင်တော်မူလာခဲ့သည်မှာ ယခုမျက်မှောက် ခေတ်တိုင်အောင် ၂၅၆၆ နှစ်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့နှစ်ပေါင်း  ၂၅၆၆ နှစ်ဟူသောခရီးရှည်ကြီးကို လျှောက်လှမ်းလာခဲ့ရသည့် မြတ်ဗုဒ္ဓသာသနာတော်ကြီးသည် မြင့်ချည်တစ်ခါ၊ နိမ့်ချည်တစ်လှည့်ဖြင့် အလှည့်အပြောင်း၊ အတက်အကျများရှိခဲ့ပါသည်။ ဖြောင့်ဖြူးသာယာသည့် ခရီးချောကိုသာ လျှောက်လှမ်းခဲ့ရသည်မဟုတ်ဘဲ ဝိတဏ္ဍဘေး ရှုပ်ထွေးထူပြော မချောမမွေ့သည့် ခရီးကြမ်းများကိုလည်း လျှောက်လှမ်းခဲ့ရပါသည်။

သာသနာတော်သမိုင်းတွင် ရဟန်း၊ သာမဏေများ သမဏသညာကင်းမဲ့ကာ ဝိနည်းသိက္ခာပုဒ်တော်များကို လေးလေးစားစား မကျင့်သုံးတော့ဘဲ မိစ္ဆာဇီဝအနေသနအမှုတို့ကိုပြုလုပ်ခြင်း၊ လူပြိန်းကြိုက် အဓမ္မဝါဒများကို ဟောပြောကြလျက် သာသနာ့စင်ပြိုင် အဖွဲ့အစည်းများတည်ထောင်ခြင်း စသည့်သာသနာ့ အန္တရာယ်များပေါ်ပေါက်၍ သာသနာတော် ညှိုးမှိန်ခဲ့ခြင်းများ ကြုံတွေ့ခဲ့ရပါ သည်။ မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော်ရောက်ရှိခဲ့သည်မှာ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတည်းကပင် ဖြစ်သည်။ သာသနာတော်ကို ချီးမြှင့်မြှောက်စားသောဘုရင်များ၊ အုပ်ချုပ်သူများလက်ထက်တွင် သာသနာမှာနေအရောင် လအရောင်ပမာ ထွန်းလင်းတောက်ပခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို နိုင်ငံတော်အစိုးရကဦးဆောင်ကာဆောင်ရွက်ခဲ့ပြီး ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်မှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ကြောင့် သက္ကရာဇ် ၁၃၄၂ ခုနှစ် နယုန်လ (၁၉၈၀ ပြည့်နှစ် မေလ)တွင် ပထမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို ကျင်းပနိုင်ခဲ့ပါသည်။ ယင်းအစည်းအဝေးကြီးက သံဃာ့ အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တေရသမအစည်းအဝေးကို ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် (၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့)တွင်ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ကျင်းပပါသည်။ အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်က အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ မိန့်တော်မူပါသည်။ ထိုသို့မိန့်တော်မူရာ တွင် “အံ့ဖွယ်တော်ရှစ်ဖြာနှင့် ပြည့်စုံတော်မူသည့် သာသနာတော်မြတ်ကြီးကို အစဉ်တစိုက်ထိန်းသိမ်းကြရမည်မှာ ဘုရားရှင်၏ တပည့်သာဝကများ၏ တာဝန်သာဖြစ်ပါသည်ဘုရား။ တတိယအံ့ဖွယ်ဖြစ်သည့် ဒုဿီလအညစ်အကြေးများကို သာသနာတော် အတွင်းမှ ဖယ်ရှားရှင်းလင်းနိုင်ရန် သာသနာတော်အတွက် စွမ်းစွမ်းတမံ တာဝန်ယူဆောင်ရွက်ကြမည့် ဗျတ္တပဋိဗလနှင့်ပြည့်စုံသည့် သံဃနာယကဆရာတော်များ များစွာလိုအပ်ပါသည်ဘုရား။ စတုတ္ထအံ့ဖွယ်ဖြစ်သည့် မည်သည့်အမျိုးအနွယ်က ရဟန်းပြုခဲ့သည် ဖြစ်စေ၊ သာကီမျိုးသာကီနွယ် ဘုရားသားတော် ရဟန်းတော်ဟုသာ အမည်ခံရမည်ဖြစ်ရာ ဘုရားတပည့်တော်တို့ခေတ်တွင်မူ တိုင်းဒေသကြီး/ပြည်နယ်များမှဖြစ်စေ၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းတွင် တရားဝင်ခွင့်ပြုထားသည့် သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းမှဖြစ်စေ၊ တိုင်းအလိုက်၊ ဂိုဏ်းအလိုက်မခွဲခြားမူ၍ အယူဝါဒတူမျှသော ဘုရားသားတော် ရဟန်းတော်များအဖြစ် ညီတော် နောင်တော်များ တော်စပ်ကြသည်ဖြစ်ရာ သမဂ္ဂ သမ္မောဒမာနဖြစ်ကြပြီး သာသနာတော်ကြီးကို ထိန်းသိမ်းကြရမည် ဖြစ်ပါသည် ဘုရား” ဟူ၍မိန့်ကြားတော်မူပါသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာအထွန်းကားဆုံးနိုင်ငံဖြစ်ပေရာ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးဟူသောဦးတည်ချက်ဖြင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ၁၉၈၀ ပြည့်နှစ်မှ စတင်ဖွဲ့စည်းခဲ့ရာ ပထမသက်တမ်းမှသည် အဋ္ဌမသက်တမ်း လက်ထက်သို့ ရောက်ရှိလာပြီး နှစ်ပေါင်း ၄၂ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ သံဃာ့အဖွဲ့အစည်း၏ သက်တမ်းသတ်မှတ်ရာ၌ ပထမအကြိမ်မှ တတိယ အကြိမ်အထိ ငါးနှစ် သက်တမ်းသတ်မှတ်ခဲ့ပြီး စတုတ္ထအကြိမ်မှစ၍ ခြောက်နှစ်သက်တမ်း သတ်မှတ်ခဲ့သည်။ သံဃနာယကဆရာ တော်တစ်ပါးသည် သံဃာအဖွဲ့အစည်း သက်တမ်းအကြိမ်အားဖြင့် ခြောက်နှစ် နှစ်ကြိမ်ဆောင်ရွက်ခွင့်ရှိ ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးနှင့် ပြည့်စုံကြသည့်ဆရာတော် သံဃာတော်များ၊ ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းမည့် ဒါယကာ၊ ဒါယိကာမများရှိနေသမျှ သာသနာတော်တည်တံ့ ပြန့်ပွားနေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။