တနိုင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူများ ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအနီးရှိ တနိုင်း-မြစ်ကြီးနားသွားကားလမ်း၌ သြဂုတ် ၈ ရက် နံနက် ၁၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးစဉ် ရှဒူဇွပ်ကျေးရွာဘက်မှ တနိုင်းမြို့ဘက်သို့ ချစ်ကိုကို(ဘ)ဦးချစ်ဆွေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ တစ်ခွက်လျှင် ၁၀ ဂရမ်ခန့်ပါ ဘိန်းဖြူဆပ်ပြာခွက် ၇၃ ခွက်၊(စုစုပေါင်း ၇၃၀ ဂရမ်)၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀၀ ပြားကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာနေ ဒေါ်ဘန်မွန်း(ဘ) ဦးလသျှမ်းလ၏ နေအိမ်အား ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ဒေါ်ဘန်မွန်းကို တစ်ခွက်လျှင် ၁၀ ဂရမ်ခန့်ပါ ဘိန်းဖြူဆပ်ပြာခွက် ၁၉ ခွက်၊ (စုစုပေါင်း၁၉၀ ဂရမ်)၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ပြားနှင့်အတူ ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

ဒေါ်ဘန်မွန်းအား စစ်ဆေးမေးမြန်းချက်အရ အဆိုပါကျေးရွာနေ ဦးဇော်လင်းထွန်း၏ နေအိမ်အား ဆက်လက်၍ ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိခြင်း မရှိဘဲ နေအိမ်၌ ဒေါ်ဒွဲလိန်(ဘ)ဦးတန်ဂွမ်း၊ အောင်ကျော်ဦး (ဘ)ဦးကိုဦး၊ စိုးနိုင် (ဘ) ဦးအိုက်အေးနှင့် ပြည့်စုံအောင်(ဘ)ဦးလှဦးတို့ လေးဦးကို  တစ်ခွက်လျှင် ၁၀ ဂရမ်ခန့်ပါ ဘိန်းဖြူဆပ်ပြာခွက် ၂၆ ခွက်၊ (စုစုပေါင်း ၂၆၀ ဂရမ်)၊ WY  စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၆၅ ပြားနှင့်အတူ  ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမော်တော်ဆိုင်ကယ်၊  မူးယစ်ဆေးဝါး၊ ဘိန်းဖြူ  ၁၁၈၀ ဂရမ်ခန့်၊  WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၆၅ ပြား၊ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၁၁၀၀ ကျော်နှင့်အတူ   ဖမ်းဆီးရမိသူများအား မြစ်ကြီးနားခရိုင် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။