ဘရာဇီးမှတင်သွင်းသည့် အမဲသားထုတ်ကုန်များကို ထိုင်းအပါအဝင် နိုင်ငံအချို့ရပ်ဆိုင်း

ဆောင်ပေါင်လို၊ ကုန်သွယ်ရေး

ဘရာဇီးမှတင်သွင်းသည့် အမဲသားထုတ်ကုန်များကို ထိုင်းအပါအဝင် နိုင်ငံအချို့ရပ်ဆိုင်း

ဘရာဇီးနိုင်ငံရှိ   မွေးမြူရေးခြံတစ်ခြံတွင် နွားရူးရောဂါဖြစ်ပွားမှုနှင့် စပ်လျဉ်း၍အာဏာပိုင်များက   စုံစမ်းစစ်ဆေးနေစဉ်ယင်းနိုင်ငံမှ   ထုတ်လုပ်သည့် အမဲသားထုတ်ကုန်များ တင်သွင်းမှုကို ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအချို့က ရပ်ဆိုင်းလိုက်ကြောင်း ဘရာဇီး စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါနွားရူးရောဂါသည် ဘရာဇီးနိုင်ငံ ပါရာပြည်နယ်ရှိ မွေးမြူရေးခြံတစ်ခြံတွင် ပြီးခဲ့သည့်လ ၂၀ ရက်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ယခုအခါ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ရောဂါပိုးကူးစက်ခံရသည့် ကျွဲ၊ နွားတိရစ္ဆာန်များကို သုတ်သင်ရှင်းလင်းခဲ့ပြီး စုံစမ်းစစ်ဆေး လျက်ရှိသည်။

ထိုသို့စစ်ဆေးနေစဉ်အတွင်း ထိုင်းနိုင်ငံ၊ ဂျော်ဒန်နှင့် အီရန်အပါအဝင် နိုင်ငံအချို့က ဘရာဇီးမှတင်သွင်းနေသည့် အမဲသားထုတ်ကုန် များကို ယာယီရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

ထို့ပြင် ဘရာဇီးနိုင်ငံသည် ယခုအခါနိုင်ငံအတွင်းမှ ထုတ်လုပ်ထားသည့် အမဲသားထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်း ကိုလည်း ရပ်ဆိုင်းထားပြီးနိုင်ငံမှ အမဲသားထုတ်ကုန်ပစ္စည်းများ ပြန်လည်တင်ပို့ရေးနှင့်စပ်လျဉ်း၍ တရုတ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ များ နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ၏ မွေးမြူရေးလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံးမွေးမြူရေး လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ယင်းနိုင်ငံမှ တင်ပို့သည့် အမဲသားထုတ်ကုန်များကို အခြားနိုင်ငံများက ရပ်ဆိုင်းလိုက်ခြင်းသည် ဘရာဇီးနိုင်ငံ၏ မွေးမြူရေးလုပ်ငန်းကဏ္ဍအတွက် စိုးရိမ်ဖွယ် ဖြစ် လာကြောင်းသိရသည်။

Ref: ST