အင်ဒိုနီးရှားရှိ လောင်စာဆီသိုလှောင်ရုံပေါက်ကွဲမှုအတွင်း သေဆုံးသူဦးရေ ၁၇ ဦးအထိမြင့်တက်

ဂျကာတာ၊ မတော်တဆမှု

အင်ဒိုနီးရှားရှိ လောင်စာဆီသိုလှောင်ရုံပေါက်ကွဲမှုအတွင်း သေဆုံးသူဦးရေ ၁၇ ဦးအထိမြင့်တက်

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမြောက်ပိုင်းရှိ လောင်စာဆီသိုလှောင်ရုံတစ်ခုတွင် ဖြစ်ပွားသည့်ပေါက်ကွဲမှုအတွင်း သေဆုံးသူ ဦးရေမှာ ၁၇ ဦးအထိ မြင့်တက်လာကြောင်း မြို့တော်သဘာဝကပ်ဘေးအန္တရာယ်လျှော့ချရေးအေဂျင်စီ (BPBD)မှ တာဝန်ရှိသူ တစ်ဦးက မတ် ၄ ရက်တွင်ပြောသည်။

အဆိုပါပေါက်ကွဲမှုသည်  မြို့တော်မြောက်ပိုင်းရှိ ပလန်ဘန်ဒေသရှိ  နိုင်ငံပိုင် Pertamina ရေနံနှင့် သဘာဝဓာတ်ငွေ့ စက်ရုံတွင် မတ် ၃ ရက် ည ၈ နာရီခန့်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွား ပြီးနောက် နောက်ဆက်တွဲဖြစ်ပွားသည့် မီးလောင်ကျွမ်းမှု သည် အနီးအနားသို့ ကူးစက်လာခြင်းကြောင့် ဒေသခံပြည်သူများမှ  ဘေးကင်းရာသို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်း၊ အဆိုပါ ဖြစ်စဉ် အတွင်း  လူ ၅၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း BPBD မှ ယာယီအကြီးအကဲ မူဟာမက်ရီဒွမ်က မီဒီယာများသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထပ်မံဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရန်အတွက် အာဏာပိုင်အဖွဲ့က မီးသတ်ကား ၅၀ ကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၂၆၀ခန့်ကို အခင်းဖြစ်ပွားရာသို့စေလွှတ်ခဲ့ရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော် မီးဘေးသင့်ခဲ့ရပြီး ယခုအခါ ၎င်းတို့မှာ ယာယီကယ်ဆယ်ရေး စခန်းများတွင် နေထိုင်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍အာဏာပိုင်အဖွဲ့က ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိသည်။      

Ref: NNN