ခန္တီးမြို့နယ်နှင့် အမရပူရမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ခန္တီးမြို့နယ်နှင့် အမရပူရမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မတ် - ၅

          တပ်မတော်အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးမြှင့်တင်မှုကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက မြို့နယ်၊ ကျေးရွာများအထိ သွားရောက်၍ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူမျိုး၊ ဘာသာ၊ အချိန်၊ နေရာမရွေး ဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ နယ်၊ သာယာကုန်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၉၈ ဦးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်ရှိ မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ သံဃာတော် များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၃၃၅ ဦးတို့ကိုလည်းကောင်း၊ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးကြသည်။

          နယ်မြေခံဆေးကုသရေးအဖွဲ့များက သံဃာတော်များနှင့် ဒေသခံပြည်သူများ အား သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ခန္တီးတပ်နယ်နှင့် မန္တလေးတပ်နယ်တို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။