လေးဆူဓာတ်ပုံ‌ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ရေစက်ချအနုမောဒနာ အခမ်းအနားကျင်းပ

လေးဆူဓာတ်ပုံ‌ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ရေစက်ချအနုမောဒနာ အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် - ၅

        လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓ ပူဇနိယ တပေါင်းပွဲတော် ရေစက်ချအနုမောဒနာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ပြုလုပ်ရာ ရွှေတိဂုံစေတီတော် ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေပြည်သာ မြို့နယ်၊ ရွှေပြည်သာပရိယတ္တိ စာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ပါဠိပါရဂူ ဘဒ္ဒန္တ နာဂိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ၂၆၁၁ ခုနှစ်မြောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင်တစ်ဦးက ဗုဒ္ဓပူဇနိယမင်္ဂလာ ရေစက်ချအနုမောဒနာ စာတမ်း ဖတ်ကြားလျှောက်ထားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြပြီး ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာကြားကြကာ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။