ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်

ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်            

                                                                                                                                                                                                                                                                                                                              နေပြည်တော်၊ မတ် - ၅

        မန္တလေးတောင်တော် ဆုတောင်းပြည့်မြတ်စွာဘုရား အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့တွင် အဆိုပါ ဆုတောင်းပြည့်ရင်ပြင်တော်၌ပြုလုပ်ရာ မန္တလေးမြို့၊ ပတ္တမြားကျောင်းတိုက် ဆရာတော်၊ တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ မန္တလေး တောင်တော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာဇောတ ဘိဝံသ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဘုရားဖူးပြည်သူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က ပတ္တမြားကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြ ပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး မန္တလေးတောင်တော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝါသေဌသာရ ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရားနာယူကြည်ညိုကြပြီး သံဃာတော်များအား ဆွမ်း ဆန်စိမ်းများ ဆက်ကပ်လောင်းလှူကြသည်။

        ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပုသိမ်ကြီးမြို့ နယ်ရှိ သစ္စာအဓိဋ္ဌာန် ရွှေစာရံမြတ်စွာဘုရား၏(၇၅)ကြိမ်မြောက် စိန်ရတု ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါဘုရား၏ မြောက်ဘက် ရှင်ဥပဂုတ္တရေကန်ရှေ့တွင် အမှတ်တရ သစ်ပင် များ စိုက်ပျိုးကြကာ မြန်မာ့ရိုးရာ ဆင်အကအလှ၊ တိုင်းရင်းသားရိုးရာအကအလှ များနှင့် မြန်မာ့ရိုးရာခြင်းလုံးအလှပြကစားပွဲများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရွှေစာရံဘုရားတောင်ဘက်စောင်းတန်းအဆင်း ဒုဋ္ဌဝတီမြစ်၌ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ကြပြီး တိုင်းရင်းသားရိုးရာပစ္စည်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချမှုတို့အား လှည့်လည်ကြည့်ရှု၍ ပွဲတော်လာပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ကြသည်။

        ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရွှေစာရံဘုရားကြီးအား ရွှေသင်္ကန်းနှင့် ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ် လှူဒါန်း ပူဇော်ပြီး ပုသိမ်ကြီးမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဃောသိတထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ  ပုသိမ်ကြီး မြို့နယ်၊ သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဥတ္တမထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာ တရားနာကြား၍ သံဃာ တော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။