တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ မတ် - ၅

          ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် သံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၇၄ ဦးအား  ၎င်းကျေးရွာရှိ အေဒင်အအေးခန်းစက်ရုံ(ဟောင်း)၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆက်လက်ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၁၃ ဦး၊ ခွဲစိတ်ရောဂါ ၄၀ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၉ ဦး၊ ကလေးရောဂါ ၅၆ ဦး၊ အရိုးရောဂါ ၁၉၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၇၃ ဦး၊ မျက်စိရောဂါ ၁၉၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၁ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၆၈ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၄၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သူ ၆ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံ များသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

          ယင်းသို့‌ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ်-

ယခုလိုမျိုးအချိန်ပေးပြီးတော့ လာရောက်ကုသပေးတဲ့အတွက် ဝမ်းသာပါတယ်။အဆင်ပြေတဲ့သူကတော့ နေရာဒေသအသီးသီးမှာသွားပြီးတော့  ပြနိုင်တာပေါ့။ အဆင်မပြေတဲ့  သက်ကြီးရွယ်အိုတွေနဲ့  ငွေရေးကြေးရေး အခက်အခဲရှိတဲ့သူတွေမှာကျတော့ အခုလိုမျိုးလာရောက်ပြီးတော့ ကုသပေးတဲ့အတွက် အဆင်ပြေတယ်။

အဲဒါကြောင့် နောက်နှစ်တွေမှာလည်း လာပြီးတော့  ကုသပေးတယ်ဆိုရင်တော့ ဒေသခံပြည်သူတွေအတွက် ကောင်းပါတယ်ရှင့်။

ကိုယ်ကျိုးစီးပွားမဟုတ်ဘဲနဲ့  အခုလိုမျိုးတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးကိုလေးထားပြီးတော့  အချိန်ပေးပြီးတော့ စိတ်ရှည်လက်ရှည်နဲ့ကုသပေး၊ ဆေးဝါးတွေကိုလည်း အခမဲ့ကုသပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲနှင့်ဝန်ထမ်းတွေအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ဟုပြောသည်။

ကျွန်တော်တို့ကို   လိုင်းပေါ်ကရောဒီကရွာပေါင်းစုံ  အုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဆေးကုသ ပေးမယ် ဆိုတာကို အသိပေးထားပါတယ်။ ဒီလိုလာရောက်ကုသပေးတဲ့အတွက် ကောင်းတာပေါ့။ ငွေကြေး အခက်အခဲရှိတဲ့ သူတွေအများကြီးကလည်း အားကိုးလို့ရတယ်။

ဒီလိုဆရာဝန်ပေါင်းစုံလာတဲ့အတွက် ရောဂါပေါင်းစုံပြလို့ရတဲ့အတွက်  ဒေသခံတွေအနေနဲ့ အများကြီး ဝမ်းသာကြပါတယ်။

ဒေသခံတွေအတွက်ကတော့ ဒီလိုအမြဲတမ်းလာပေးနေနိုင်ရင် အများကြီးကောင်းတာပေါ့။ ကျန်းမာရေး အခက်အခဲကတော့ ကျွန်တော်တို့ သံတွဲခရိုင်ဆေးရုံကြီးနဲ့လည်း ခရီးက မိုင် ၃၀ နီးပါးဝေးတယ်။ ပြီးတော့ တိုက်နယ်ဆေးရုံတွေမှာလည်း ဆရာဝန် ရှားပါးတာတွေကြောင့်ဆိုတော့ အခက်အခဲတော့ရှိပါတယ်။ လာရောက်ကုသပေးတဲ့အတွက်   တာဝန်ရှိသူတွေအားလုံးကို အများကြီးကျေးဇူးတင်ပါတယ်ဟုပြောသည်။

မျက်စိတွေကမကောင်းလို့   ဒီမှာလာပြတာပါ။ အရင်အခြေအနေကတော့ ကြည့်လို့မကောင်းဘူးလေ။ အခုကတော့ ကြည့်လို့ကောင်းသွားတာပေါ့။ နေရောင်ကြီးကိုမကြည့်နိုင်၊  မှောင်ရင်လည်းလုံးဝမကြည့်နိုင်ဘူး။  ဘာမှလဲ မမြင်ရဘူး။

အရိပ်အယောင်ပဲမြင်ရတယ်။ အခုမျက်စိအခြေအနေကလည်းကောင်းသွားပြီ။  ကျေးဇူးလည်းတင်တယ်။ ဝမ်းလည်းသာတာပေါ့ ဟုပြောသည်။