ကျန်းမာရေးစောင့်ရှောက်မှု

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၇ ရက်)

ကျန်းမာရေးစောင့်ရှောက်မှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ကဏ္ဍစုံတွင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းလိုအပ်နေသည့် အခြေခံအဆောက်အဦများကို တည်ဆောက်ပေးနေ သည့်အပြင် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိသည်။ ပြည်သူတစ်ရပ်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘဝရှင်သန်ရေးအတွက်လိုအပ်ချက်ဖြစ်သည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုကိုလည်း နေရာဒေသမကျန် ရအောင်ဆောင်ရွက်ပေးလျက်ရှိသည်။

ဤသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိလည်းကောင်း၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုသရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဖေဖော်ဝါရီ၉ ရက်မှ ၁၉ ရက်အထိလည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ယခုအခါ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ဖေဖော်ဝါရီ၂၇ ရက်တွင် ရန်ကုန်မှ စတင်ထွက်ခွာ သည်။ အဆိုပါ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)တွင် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုစစ်သည်များနှင့် သူနာပြုရဲမေများလိုက်ပါပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား^မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးမည် ဖြစ်သည်။ ECG စက်၊ X-Ray စက်၊ ဓာတ်မှန်ရိုက်စက်များဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေး ခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။

နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေးကို ဦးတည်လျက် တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံတို့၏ ကျန်းမာရေးကို ပိုမိုသယ်ပိုးပေးနိုင်မည်ဖြစ်သည်။ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် မတ် ၁ ရက်တွင် ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလျက်ရှိရာတွင် ဒေသခံပြည်သူများ၏ ဝမ်းသာပီတိ စကားသံများကို အချိန်နှင့်တစ်ပြေးညီကြားသိနေရသည်။ မျှော်လင့်မထားသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူရသည့်အတွက် ဒေသခံပြည်သူများဝမ်းသာကြသည်။ အခါအခွင့်သင့်တိုင်း  ယခုကဲ့သို့လာရောက်ကုသပေးပါရန် မေတ္တာရပ်ခံကြ သည်။ နိုင်ငံတော်အကြီးအကဲနှင့်တကွ သက်ဆိုင်သူအားလုံးကိုကျေးဇူးအထူးတင်ပါကြောင်း ပြောဆိုကြသည်။

တပ်မတော်သည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ ဆေးကုသရေး အဖွဲ့များကလည်း မြို့နယ်၊ ကျေးရွာများအထိသွားရောက်၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလျက်ရှိသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပြုရာတွင် လူမျိုး၊ ဘာသာမရွေး၊ အချိန်၊ နေရာမရွေးဆောင်ရွက်ပေးခြင်းဖြစ်သည်။ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်ကို ဦးဆောင်ခဲ့သည့်အချိန်မှစ၍ ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ လူ့အသက်ထက် အရေးကြီးတာဘာမှမရှိဟူသော စိတ်ရင်းစေတနာဖြင့် ရန်သူမိတ်ဆွေ မခွဲခြားဘဲကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိသည်။ အသက်ပေါင်းများစွာရှင်သန်အောင် ကျန်းမာရေးစောင့်ရှောက်မှုပြုခဲ့သည်မှာ ပြည်သူ့အကျိုးသယ်ပိုးခြင်းပင်ဖြစ်သည်။ တပ်မတော်သည် စည်းကမ်းစနစ်ကျနစွာဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည့် အတွက် ဒဏ်ရာရရှိသောရန်သူပင်ဖြစ်လင့်ကစား ဆေးဝါးကုသမှုပြုပေးလျက်ရှိသည်။  စစ်မြေပြင်တွင် ရန်သူကိုနေလို မီးလိုကျင့် ရမည်ဖြစ်သော်လည်း ရန်သူကအညံ့ခံလာလျှင် ခွင့်လွှတ်သည့်စိတ်ဖြင့် ဆက်ဆံကြသည်။ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုခိုင်မာ ကောင်းမွန်လာသည်နှင့်အမျှ  ပြည်သူများ၏ မျှော်မှန်းသက်တမ်းပိုမိုမြင့်မားလာမည်ဖြစ်သည်။ လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးကို တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနက မေတ္တာ စေတနာ အကြင်နာ အနစ်နာများစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။